နေပြည်တော်
ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး/
ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအကြား ရွေးကောက်ပွဲ လွန်ကာလ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ
အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ
Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲ အရာရှိများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ
တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက
အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့်
အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ခြင်းမှာ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ ကြိုးစား ဆောင်ရွက်မှုကြောင့်ဖြစ်ပြီး
လွတ်လပ် ပွင့်လင်းမှုရှိသဖြင့် နိုင်ငံတကာကလည်း အသိအမှတ်ပြုချီးကျူးခံရကြောင်း၊ ကော်မရှင်အနေဖြင့်
ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင် စွာကျင်းပနိုင်ရန် ၂၀၁၃ ခုနှစ်မှစ၍
မဟာဗျူဟာစီမံကိန်းကို ရေးဆွဲခဲ့ပြီး ကဏ္ဍများအလိုက် သတ်မှတ်ကာလ များတွင် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ပါကြောင်း၊ ၅ နှစ်တစ်ကြိမ်
ကျင်းပသည့် ရွေးကောက်ပွဲများကို လွတ်လပ်တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ကျင်းပ ပေးနိုင်မှသာ
လူထု၏ဆန္ဒနှင့်အညီ အစိုးရကို တည်ငြိမ်အေးချမ်းစွာ ဖြစ်ပေါ်ပြောင်းလဲ စေမည်ဖြစ်ကြောင်း၊
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့
သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲအတွေ့အကြုံ၊ ဗဟုသုတပိုင်း အားနည်းမှုများရှိခဲ့၍
ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များ ရှိနိုင်ကြောင်း၊ နောင်ကျင်းပမည့်
ရွေးကောက်ပွဲများကို ပိုမိုပြည့်စုံကောင်းမွန်သည့် ရွေးကောက်ပွဲများဖြစ်စေရန် အားနည်းချက်များကို
မည်သို့ပြင်ဆင်ဆောင်ရွက်သင့်သည်ကို ပြန်လည်သုံးသပ်အကြံပြုကြရန် လိုကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ
ထွက်ပေါ်လာသည့် သုံးသပ်အကြံပြုချက်များကို ရွေးကောက်ပွဲကော်မရှင်အသစ်သို့ လွှဲပြောင်းရာတွင်
အကြံပြုသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ရွေးကောက်ပွဲ ဆိုင်ရာပစ္စည်းများ ပို့ဆောင်ခြင်း၊
ထိန်းသိမ်းထားသိုခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလာဒ်များထုတ်ပြန်ခြင်းနှင့် အထောက်အကူပြု
သင်တန်းများ ပေးခြင်း၊ ကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း
ပြုစုခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ အသုံးပြုခြင်း၊ နိုင်ငံရေး
ပါတီများနှင့် ကိုယ်စား လှယ်လောင်းများ၏ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ
ဆောင်ရွက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏
ဆောင်ရွက်ချက်များ၊ ဥပဒေရေးရာမူဘောင်၊ မဲဆန္ဒရှင် အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်
မှု၊ ကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အားလုံးပါဝင် ဆောင်ရွက်မှု
မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ် အကြံပြုဆွေးနွေးကြပြီး
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။

No comments:
Post a Comment