တပ်မတော်အနေဖြင့် မိမိနိုင်ငံနှင့်ကိုက်ညီသည့်
ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းမှု ခိုင်ခိုင်မာမာ ဖြစ်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊
တိုင်းပြည်ကို ဥပဒေနှင့်အညီ ဦးဆောင်မှုပေးနေသည့် အစိုးရ ကိုလည်း ကူညီပံ့ပိုးရမည်ဖြစ်ကြောင်း၊
ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြင့် တိုင်းပြည် တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းဖြင့်
ပြည်သူလိုလားသည့် ဆန္ဒအတိုင်းဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ စည်းကမ်းနှင့်ဥပဒေ လေးစား
လိုက်နာခြင်းသည် အဓိကကျမည်ဟု ယူဆကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်လမ်းစဉ်ကို
မည်သူမှ လက်မခံသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ပပျောက်အောင် လုပ်ဆောင်ရန်မှာ တပ်မတော်၏
တာဝန်ပင်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ယနေ့နံနက် ၁၀ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ
အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr. Pier Giorgio ALIBERTI အား လက်ခံတွေ့ဆုံစဉ် ဧည့်သည်တော်သံအမတ်ကြီးမှ
ဒုတိယအကြိမ် အစိုးရသက်တမ်းတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေအပေါ် သဘောထားအမြင်နှင့်
ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
မြန်မာနိုင်ငံရေး နှင့်ပတ်သက်၍လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း အစိုးရအနေဖြင့် ဗဟိုဦးစီးစနစ်မှ
ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် ပြုပြင်ပြောင်းလဲမှု များစွာလုပ်ခဲ့ရာ အောင်မြင်မှုများရှိသကဲ့သို့
စိန်ခေါ်မှုများလည်းရှိကြောင်း၊ မပြီးပြတ်သေးသည် များလည်း ရှိကြောင်း၊ တပ်မတော်၏သဘောထားမှာ
ပြည်သူကရွေးချယ်သည့် ပါတီစုံလမ်းကြောင်းအား ခိုင်ခိုင်မာမာနှင့် စနစ်တကျဖြစ်စေရန် လိုလားပါကြောင်း၊
ယင်းသို့ဖြစ်စေရန်လည်း ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်
ပတ်သက်၍လည်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းသေးသည့်နိုင်ငံဖြစ်၍ ယင်းပဋိပက္ခများချုပ်ငြိမ်းပြီး
ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အမှန်တကယ်
တိုင်းပြည်တည်ငြိမ်အေးချမ်းလို၍ စိတ်ရှည်သီးခံစွာဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးစား
ဆောင်ရွက် နေကြောင်း ပြောကြားသည်။
ဧည့်သည်တော်သံအမတ်ကြီးက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများတွင်
တပ်မတော်၏ အပြုသဘော ဆောင်သည့် လုပ်ဆောင်ချက်များကို အသိအမှတ်ပြုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံမှာ
၁၉ ရာစုကတည်းက ဆက်ဆံခဲ့သည့် ရှည်လျားသည့် သမိုင်းကြောင်းရှိကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း တူညီကြပါကြောင်း၊ မြန်မာနိုင်ငံအား
ဦးစားပေးအဆင့်သတ်မှတ်၍ အီတလီနိုင်ငံ၏ အတွေ့အကြုံများကို ဖလှယ်ပေးလိုပါကြောင်း ပြောကြားပြီး
နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုဆိုင်ရာ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဆိုင်ရာများတွင်
အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ အခြေခံရှိပြီးဖြစ်သည့် တပ်မတော်ပိုင်းဆိုင်ရာဆက်ဆံရေး၊
သင်တန်းများစေလွှတ်ရေး၊ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် နယ်ခြားစောင့်တပ်ဆိုင်ရာ
ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။
မြဝတီ
No comments:
Post a Comment