Thursday, February 18, 2016

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များအတွက် အသိပညာ၊ ကျွမ်းကျင်မှုနှင့် ပြိုင်ဆိုင်နိုင်မှုများ တိုးတက်မြင့်မားစေရေး အာဆီယံဖိုရမ်ကို မတ်လအတွင်း ကျင်းပမည်

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်သူအားလုံး၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ပြိုင်ဆိုင်နိုင်မှု များ တိုးတက်မြင့်မားစေရေး အာဆီယံဖိုရမ်ကို မတ်လ ၇ ရက်မှ ၉ ရက်ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါဖိုရမ် အောင်မြင်စွာ ကျင်းပနိုင် ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။


အဆိုပါဖိုရမ်ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ် မူဘောင် ၂၀၁၁-၂၀၁၅ အရ အဆိုပါ အာဆီယံဖိုရမ်ကို မြန်မာနိုင်ငံက Country Coordinator အဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနတို့က Co-organizers များအဖြစ် ပူးတွဲတာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအာဆီယံဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် အာဆီယံနိုင်ငံများရှိ Climate Change, Food Security and Agriculture တို့နှင့် ဆက်စပ်သော တက္ကသိုလ်များရှိ သင်ရိုးညွှန်းတမ်းများအား ပြင်ဆင်ဖြည့်စွက် ရေးဆွဲမှုများ ပြုလုပ်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် အတွေ့အကြုံနှင့် ဗဟုသုတများကို မျှဝေဖလှယ်သွားကြရမည်ဖြစ်ကြောင်း။

အာဆီယံဖိုရမ် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မိမိတို့ သက်ဆိုင်ရာ ဌာနနှင့် လုပ်ငန်းစီမံချက်ပါ ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများကို ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုများဖြင့် ၀ိုင်းဝန်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အာဆီယံဖိုရမ် ကျင်းပပြုနိုင်ရေးအတွက် စီစဉ်ထားရှိမှု အခြေအနေ များနှင့် လိုအပ်ချက်များကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။


အလားတူ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍများအတွက် လုပ်ငန်းစဉ် များ ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာ ကြသည့် သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနကိုယ်စားလှယ်များ၊  စိုက်ပျိုးရေး/ သစ်တောနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ဒုတိယပါမောက္ခ ချုပ်များက ရှင်းလင်တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းကာ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နောက်ဆက် တွဲဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များကို ပြည်သူအများ သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် သွားကြရန် ပြောကြားသည်။ 

No comments:

Post a Comment