Tuesday, February 9, 2016

တောင်ဇလပ်ပန်းတို့ လန်းရာမြေ (၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ကြိုဆိုဂုဏ်ပြု)


သတင်းဆောင်းပါး-မောင်ငြိမ်းအေး

မန္တလေးမြို့မှ ကားတစ်တန်စီး၍ ကလေးမြို့သို့ ရောက်လျှင်ပင် ချင်းပြည်နယ် သို့ခြေချမိပြီဟု ဆိုနိုင်သည်။ ပြန့်ပြူးသော ကလေးလွင်ပြင်မှ မြင့်မားသော ချင်းတောင် တန်းကြီးကို တစ်မျှော်တစ်ခေါ်မြင်တွေ့နိုင်ပြီး ကလေး ဒေသမှ တစ်ဆင့် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သို့ ရောက်သည်။


မြို့တော်ဟားခါးသို့မရောက်မီ ကလေးမှ တီးတိန်မြို့နယ် အတွင်း တောင်တက် ခရီးနှင်ရသည်။ တောင်တက်လမ်းအစ ရှုခင်းသာစခန်းတစ်ထောက်နေ ရာတွင် ခရီးသွားများရပ်နား၍ ဆုတောင်းပတ္ထနာ ပြုကြသည့်အသွင်သည်ပင် ချင်းတိုင်းရင်း သားတို့၏ တစ်စည်း တစ်လုံးတည်း ပျော်ရွှင်စွာနေတတ်သည့် ဓလေ့၊ အေးချမ်း စွာနေထိုင်လိုကြသော မေတ္တာရိပ်တို့ကို ပေါ်လွင်စေပါသည်။

''ကျွန်တော်တို့ ချင်းပြည်နယ်ကိုသွားတဲ့သူတိုင်း (ဗျူးပွိုင့်) ဒီနေရာလေးမှာ ခေတ္တရပ်နားပြီး ဆုတောင်းမေတ္တာ ပို့သကြ၊ အနားယူကြတာ အစဉ်အလာပါပဲ။ ဒီလိုလုပ် လိုက်လို့ ကျွန်တော်တို့အားလုံး စိတ်အပန်းပြေ လန်းဆန်းပြီး လိုရာခရီးကို ချောချောမွေ့မွေ့ အန္တရာယ်ကင်းစွာ သွားလာ နိုင်တယ်လို့ ယုံကြည်ကြပါတယ်''ဟု တီးတိန်သို့သွားမည့် ချင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပြသည်။

အမြင့်ပေ ရှစ်ထောင်ကျော်ရှိသည့် ချင်းပြည်နယ်မှ ကယ်နယ်ဒီတောင်တန်းကြီး သည် လွမ်းမောဖွယ်ဖြစ်သည်။ ထိုတောင်တန်းများပေါ်သို့ တောင်တက် ကားများ၊ မော်တော် ဆိုင်ကယ်များဖြင့် ကလေးမြို့မှ နေ့စဉ် ဥဒဟို သွားလာ နေကြသည်။ တောင်အဆင့်ဆင့် ဖြတ်သန်းပြီး သိုင်းငင်းသို့ ရောက် လျှင် ညာဘက်လမ်းခွဲအတိုင်းသွားပါက တီးတိန် သို့ရောက်ပြီး ဘယ်ဘက်လမ်းခွဲအတိုင်းသွားပါက ဖလမ်း သို့ရောက်သည်။

ဖလမ်းမှတစ်ဆင့် မြို့တော်ဟားခါးသို့ ဆက်သွားရ သည်။ မြင့်မား သည့် တောင်စဉ်တောင် တန်းများတစ်လျှောက် ကွေ့ဝိုက်တက်ဆင်း ခရီးနှင်ရသော် လည်း မောပန်းခြင်းမရှိ၊ စိမ်းလန်းသည့် သစ်ပင် ပန်းမန်များနှင့် အေးမြသည့်လေ အဝှေ့ကြောင့် မောခြင်းပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းဟူ၍ မရှိဘဲ လန်းဆန်းနေသည်။

ဖြတ်သန်းရာ လမ်းတစ်လျှောက်မှမြို့ရွာများမှာ အိပ်မက် နိုင်ငံတစ်နိုင်ငံ သို့ ရောက်ရှိနေသည်ဟု ထင်မှတ်ရသည်။ မြင့်မားသည့် တောင်တန်းကြီး များပေါ်မှ လွင့်မျောနေသည့် တိမ်တိုက်ကြီးများ၊ တောင်အောက် မှ မြူခိုးဝေဝေတိမ်လွှာ ပြင်များ၊ မြူခိုများ၊ တိမ်တိုက်များကြားမှ မြို့ငယ်လေးများမှာ အမှန်တကယ်ပင် လွမ်းမောစရာ၊ အံ့သြစရာပင်။ မြေပြန့် လွင်ပြင်များ တစ်မျှော်တစ်ခေါ်ရှိသည့် မြန်မာနိုင်ငံတွင် ချင်းတိုင်းရင်းသား တိုင်းရင်းသူများ တောင်တန်းကြီးများ ပေါ်တွင် ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးစံများနှင့် ပျော်မွေ့စွာ ရပ်တည်နေထိုင်ကြသည်မှာ သီးခြားကမ္ဘာတစ်ခုအလားပင် တွေးထင်မိသည်။ သို့သော် ချင်းတိုင်းရင်းသားများမှာ မြန်မာပြည်သားများပင် ဖြစ်သည်။

ချင်းတိုင်းရင်းသားများမှာ ပြည်မနှင့်အလှမ်းဝေးသည့် တောင်ပေါ်သားများဖြစ်သော်လည်း သူစိမ်းတစ်ရံမဆံ တသီးတခြားမရှိချေ။ တောင်ပေါ်မှ ချင်းတိုင်းရင်းသား များ၏ မှတ်သားဖွယ်ရာများမှာ သမိုင်းတွင်ဖွယ်ရာများ၊ မမေ့နိုင်စရာများအဖြစ် ကျန်ရှိနေသေးသည်။ လွမ်းမော ဖွယ်ရာ ချင်းတောင်တန်းများပေါ်မှ မြင်ကွင်းများမှာ အထီးကျန် မဆန်ချေ။

မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက် လာမှုများနှင့်အတူ ချင်းတိုင်းရင်းသားများ၏ သမိုင်း မှတ်တမ်းများမှာ မမေ့နိုင်ဖွယ်ရာများသာဖြစ်သည်။

ချင်းမျိုးချစ်တပ်များသည် နယ်ချဲ့အင်္ဂလိပ်တို့ကို ပြန်လည်ခုခံတိုက်ခိုက်ရာ၌ ထင်ရှားကျော်ကြားသည်။ ဆယ်လုမ်းခံတပ်မှာ သမိုင်းတွင်သည်။ ထိုခံတပ်တွင် မျိုးချစ်ချင်းတိုင်းရင်းသားများ အခိုင်အမာတပ်စွဲထား ကြောင်း နယ်ချဲ့အင်္ဂလိပ်တို့ သိသောအခါ ဆယ်လုမ်း ခံတပ်သို့ လူတစ်ယောက်စေလွှတ်ပြီး စစ်ပြေငြိမ်းရန် စကားကမ်းလှမ်းစေသည်။

ထိုအခါ ချင်းမျိုးချစ်တို့ကလည်း ''ငါတို့သည် မင်းတို့လက်အောက်သို့ ကျွန်မခံနိုင်ပါ'' ဟု စကားပြန်ကြားလိုက်လေသည်။ အင်္ဂလိပ်တို့ကလည်း ရက်ချိန်းပေးလိုက်ပြီး တိုက်ခိုက်ချေမှုန်းပစ်မည်ဟု ကြုံးဝါး ပြန်လေသည်ကို ဆလိုင်းဝီလျံချန်ခိုလျံ၏ ချင်းမျိုးချစ်ရဲဘော် တို့၏ နောက်ဆုံးခံတပ်ကြီးဆောင်းပါး တွင် မှတ်သားဖူး သည်။ ဤတွင် ချင်းမျိုးချစ်များကလည်း ''အမြန်ဆုံး လာတိုက်ကြပါ။ ငါတို့ကလည်း မင်းတို့ကို သတ်ပစ်ချင် လှပါပြီ'' ဟု ရဲရဲဝံ့ဝံ့ စကားပြန်ကြားခဲ့သည်။ ချင်းသူရဲကောင်း ကြွန်ဘစ်ဆိုလျှင် သမိုင်းတွင်သည်။

ဗိုလ်တိုက်ချွန်းတို့ဆိုလျှင် မြန်မာနိုင်ငံသားတိုင်းသိ သည်။ ပြည်တွင်းသောင်း ကျန်းမှုကာလက ဗိုလ်ကြီး တိုက်ချွန်းနှင့် ရဲဘော်သုံးဦးတို့သည် နေ့မွန်း တည့်ချိန်တွင် ရန်သူ့စခန်းအလယ်သို့ အသေခံပြောက်ကျားတပ်သား များအဖြစ် လျှပ်တပြက် ဝင်စီးသည်။

ရန်သူ့တပ်ဖွဲ့များ အလယ်အူကြောင်းပြိုကျပြီး ဆုတ်ခွာပြေးရသည်။ မြန်မာ့ တပ်မတော်က ထိုအချိန်တွင် စနစ်တကျဝင်တိုက်၍ ရန်သူ့စခန်းကို အောင်မြင် စွာ သိမ်းပိုက်မိပြီဟူသော သမိုင်းမှတ်တမ်းကို ချင်းပြည်နယ်၏ ကြယ်တစ်ပွင့် (သို့မဟုတ်) ဗိုလ်ကြီးအောင်ဆန်းသူရိယ တိုက်ချွန်း ဆောင်းပါးတွင် ဖော်ပြ ထားသည်။ စိတ်ထားမြင့်မြတ်သူ၊ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုး မကြည့်သူ ချင်းတိုင်းရင်းသား သူရဲကောင်းများအား ဤပြည်ထောင်စု နေ့တွင် ဂုဏ်ပြုသတိရမှတ်တမ်းတင်လိုသည်။

ချင်းတိုင်းရင်းသားများဘဝကို လေ့လာရာတွင် နေအိမ်ကို အလွန်အသားပေး ၍ ဆောက်လုပ်တတ်ကြသည် ကို တွေ့ရသည်။ အထူးသဖြင့် ဟားခါးနယ်မှ ချင်းအိမ်များ မှာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက ကြီးမားခံ့ ညားသဖြင့် ကျော်ကြားသည်။

ဆီးယင်းနှင့်စုတ်တဲနယ်များမှ အိမ်များ မှာလည်း ကြီးမားခံ့ညားရာ၌ ထင်ရှားခဲ့သည်ဟု သိရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကို ချင်းတိုင်းရင်းသားများက ခုခံ တိုက်ခိုက်ခဲ့သောကြောင့် ထိုအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံ ခဲ့ရသဖြင့် မျက်မှောက်ကာလတွင် မတွေ့ကြရတော့သည်မှာ ဝမ်းနည်းစရာဖြစ်သည်။ ယနေ့ ချင်းတောင်တန်းပေါ်ရှိ မြို့များတွင် ပျဉ်ထောင်အိမ်များသာမက တိုက်တာအိမ်ခြေ များဖြင့် ခေတ်မီလှပနေသည်။

ကိုလိုနီနယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်စိုးသည့် အချိန်တွင် ချင်းပြည်နယ်၌ တစ်ရွာနှင့်တစ်ရွာ စည်းရုံး လှုပ်ရှားမှု မပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သွေးခွဲအုပ်ချုပ် ရေးစနစ်ကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် ချင်းလူမျိုး အချင်းချင်းစည်းရုံးလှုပ်ရှား၍ ဗြိတိသျှနယ်ချဲ့တို့ကို မတော်လှန်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးကို လုံးဝ ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ချင်းပြည်နယ်အတွင်း တစ်နေရာနှင့်တစ်နေရာ အနေခြားနေခဲ့ရသည်။ အနေ ဝေး၍ ချင်းမျိုးနွယ်စုများ အမျိုးမျိုးကွဲပြားကြသည်။ ယနေ့ ချင်းပြည်နယ်မှာ လမ်းပန်းသာလို့နေသည်။ ကိုယ်တိုင် ချင်းပြည်နယ်မြောက်ပိုင်း တစ်ခွင်သို့တစ်လှည့်၊ တောင်ပိုင်း တစ်ခွင်သို့တစ်လှည့် ခရီးမကြန့်ကြာဘဲ အရောက်သွားနိုင်ခဲ့သည်။ ကလေး- တီးတိန်-ဖလမ်း-ဟားခါး တောက်လျှောက် သွားနိုင်ခဲ့သည်။

တောင်တန်းအသွယ်သွယ်နှင့် တောင်ပေါ်မြို့လေး များနှင့် တောင်ယာများတွင် ချင်းတိုင်းရင်းသားတို့သည် အေးချမ်းစွာနေထိုင်ကြသည်။ ချင်းပြည်နယ်တွင် တည်ငြိမ် အေးချမ်းမှုနှင့်တရားဥပဒေစိုးမိုးမှုရှိသည့် ငြိမ်းချမ်းသော အခြေခံကောင်းများရှိသည်။ သို့ဆိုလျှင် တည်ငြိမ် အေးချမ်းမှုရှိလျှင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ခက်မည်မဟုတ်ချေ။ ဖွံ့ဖြိုးရေး ကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီးကလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ပြည်နယ်အစိုးရတွင်တာဝန်ရှိကြောင်းနှင့် ဝန်ကြီးဌာန များနှင့်အစိုးရအဖွဲ့သို့ တင်ပြညှိနှိုင်းဆောင်ရွက်ရန် မှာကြားထားသည်။

ချင်းတိုင်းရင်းသားလူငယ်များသည် ပညာအခြေခံ ကောင်းကြသည်။

ထိုအခြေခံကောင်းကို ထပ်ဆောင်း၍ အစိုးရက ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေ နိုင်အောင်၊ အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအထိ တတ်မြောက် အောင် ပံ့ပိုးကူညီပေးသွားရမည်ဖြစ်သည်။ ချင်းတောင်ခြေ တွင်ရှိသည့် ကလေးတက္ကသိုလ်သည် ချင်းတိုင်းရင်းသား လူငယ်များ တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးနိုင်အောင် ရည်ရွယ်ဖွင့်လှစ်ပေး ထားသော ကျောင်းဖြစ်သည်။ မိမိတို့ ကလေးတက္ကသိုလ်သို့ရောက်ရှိစဉ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတစ်ဝက်ခန့်မှာ ချင်းတိုင်းရင်းသား များဖြစ် နေ၍ ဝမ်းမြောက်ရသည်။

ချင်းတောင်ခြေတွင်ရှိသည့် တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားရ၍ နေအိမ် ကို အလွမ်းပြေသည်ဟု သိရသည်။ 
ပြည်နယ်မြို့တော် မှ ဟားခါး-ဖလမ်း-ကလေးလမ်း၊ ဟားခါး-ဂန့်ဂေါလမ်း စသည့် ပြည်ထောင်စုလမ်းမကြီး များနှင့် မြို့နယ်ချင်းဆက်လမ်းများရှိသည်။


ယခင်က မိုးရာသီတွင် သွားလာရခက်ခဲသည်။ ယခု ရာသီမရွေး သွားလာနိုင်အောင် လမ်းများအဆင့်မြှင့်တင်ပေးနေ သည်ကိုလည်း တွေ့ခဲ့ ရသည်။ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာ ချင်းဆက်လမ်းများ ဖောက် လုပ်ရေး၊ ပြည်နယ်တစ်ခုလုံး သောက်သုံးရေရရှိရေးတို့ကို လေ့လာတွက်ချက်ပြီး ဆောင်ရွက်နိုင်သည်တို့ကို ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်က ပံ့ပိုးပေးသွားမည်ဟုသိရသည်။ လက်ရှိတွင် အချို့ဒေသများ၌ အခက်အခဲများရှိနေသေးသည်။

သို့သော် နိုင်ငံတော်အစိုးရက ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် အတတ်နိုင် ဆုံး ဆောင်ရွက်ပေးနေသည်ကို တွေ့ရသဖြင့် ကျေနပ်မိသည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့တွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ ယခုဘဏ္ဍာ နှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်းတန်ဖိုးရှိ အခြေခံ အဆောက်အအုံများနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင် ရွက်ပေးနေကြောင်း သိရသည်။ စီမံကိန်း စသည့်နှစ်မှစတင်၍ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန် ရှစ်မြို့နယ်တွင် မူလတန်းကျောင်း ၁၁ ကျောင်း၊ ကျန်းမာရေးဌာနခွဲ ကိုးခု၊ မဏိပူရမြစ်ကူး မွှာဘင်းတံတားအပါအဝင် ပေ ၃ဝဝ အရှည်ဘေလီတံတား နှစ်စင်း၊ ပေ ၂ဝဝ အရှည် ဘေလီ တံတား တစ်စင်း၊ ပေ ၃၃၅ ပေအရှည်ရှိ ကြိုးတံတား တစ်စင်း၊ ပေ ၁၅ဝ အရှည်ရှိ ကြိုးတံတား တစ်စင်း စုစုပေါင်းတံတား ငါးစင်း တည်ဆောက်ပေးထားသဖြင့် သွားလမ်းသာ၍ လာလမ်းဖြောင့်နေသည်ကိုတွေ့ရ သည်။

ချင်းပြည်နယ်သို့ အလည်တစ်ခေါက်သွားရာတွင် ရှေးကာလ များနှင့်မတူသည် မှာတော့အမှန်ဖြစ်သည်။ ပြည် နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက်ကြိုး ပမ်း အားထုတ်ကြရဦးမည်ဖြစ်သည်။ အထူးသဖြင့် ကျေးလက် များတွင် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်နေသေးသည်။


ကျေးလက်နေ ပြည်သူများမှာ ရိုးသားကြသဖြင့် တောင်ယာလုပ်ကိုင် စားသောက်နေ ထိုင်ခြင်းဖြင့် အေးချမ်း စွာနေထိုင်ကြသည်။ ဖွံ့ဖြိုးတိုး တက်ခြင်းဆိုသည်ကို သူတို့ဘာမှန်းမသိကြသေးချေ။ အမှန် တကယ်ကျေး လက် အထိ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုလျှင် ချင်းတိုင်းရင်းသား အားလုံး အတိုင်းမသိ ဝမ်းသာကြ မည်။ ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment