Monday, February 8, 2016

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင်ကျင်းပရာ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်လုံး ကျွတ်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်းက ပေးပို့သည့် သ၀ဏ်လွှာကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အခွင့်အရေးကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင် များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော် ၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
အဆိုပါ လွှတ်တော်အခွင့်အရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်း ထားပြီး ဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးအေးသာအောင်နှင့် အတွင်း ရေးမှူး အဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးတို့ကို တာဝန်ပေး အပ်ကြောင်း ကြေညာ သည်။
အလားတူ လွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းအစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ကို လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဝင်(၁၅)ဦးဖြင့်ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေနှင့် အတွင်းရေးမှူးအဖြစ် ရှမ်းပြည် နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင် တို့ကို တာဝန်ပေးအပ်ကြောင်း ကြေညာသည်။

ယနေ့အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရပ်နားလိုက်ပြီး အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့် နေ့ရက်ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment