Tuesday, January 5, 2016

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး အတွက် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးစတင်


ရန်ကုန် ဇန်န၀ါရီ ၅
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး အတွက် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) ၌စတင်ကျင်းပသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် အစိုးရအစုအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားလက် နက်ကိုင်အစုအဖွဲ့ကိုယ်စား ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား ဦးသုဝေတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားကြသည်။

အစိုးရအစုအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးဖြစ်သော်လည်း အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့် ပတ်သက်ပြီး ဆောင်ရွက်စရာရှိသည့် ကိစ္စများအား ကြိုတင်ဆောင်ရွက် ထားသည့် အခြေအနေများကို ရှင်းပြရန်အတွက်  တက်ရောက်ခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးပြီးမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စများအား ညှိနှိုင်းဆောင်ရွက်မည်ဆိုပါက အချို့ကိစ္စရပ်များတွင် နောက်ကျသွားနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဗဟိုကော်မတီကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး(၉)ဦး၊ ဒုတိယ၀န်ကြီး(၂)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၆ ဇန်န၀ါရီ(၁)ရက်က ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် လုပ်ငန်းကော်မတီ ၉ ခု ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့ပါကြောင်းနှင့်  ကော်မတီတစ်ခုချင်းစီ အလိုက်သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယ၀န်ကြီးများက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အစိုးရအဖွဲ့မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် ကိစ္စရပ်များအပေါ် ရှင်းလင်း တင်ပြသည်။
"အစိုးရအနေနဲ့ ကောင်းမွန်တဲ့ဆန္ဒနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်ပေးခဲ့ဖို့နဲ့ ဆုံးဖြတ်ချက် တွေကို နောက်အစိုးရသက်တမ်းမှာ ဆောင်ရွက်နိုင်ပါတယ်ဆိုတာကို ရွေးကောက်ပွဲမတိုင်မီ ၂၀၁၅ ခုနှစ်  စက်တင်ဘာ လအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ အလွတ်သဘော မူဘောင်ရေးဆွဲရေးအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရက ငြိမ်းချမ်းရေးကိုအဖြစ်လုပ်တာမဟုတ်ပါဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကို အဖြစ် သဘောလုပ်တာမဟုတ်ဘူး ဆိုတာကို ပြောကြားလိုပါတယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကောင်းမွန်တဲ့အခြေခံအုတ် မြစ်တွေကို ချမှတ်ပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်၊ ကျွန်တော်တို့မှာ တာဝန်ရော စေတနာပါ အပြည့်အ၀ရှိကြောင်းပြောကြားလိုပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်မှ ၂၂ ရက်အထိ အနည်းဆုံး ၁၀ ရက်ကြာကျင်းပလိုသော်လည်း မေတ္တာရပ်ခံမှုများကြောင့် ယခု ဇန်န၀ါရီလ ၁၂ ရက်မှ ၁၆ ရက်အထိ ၅ ရက်ကြာကာလကိုတော့ မဖြစ်မနေ လုပ်ဆောင် သွားရမှာဖြစ် ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဖွင့်နှုတ်ခွန်းဆက်တွင် ထည့်သွင်းပြောကြားသည်။
တိုင်းရင်းသားလက် နက်ကိုင်အစုအဖွဲ့ကိုယ်စား ပဒိုစောကွယ်ထူးဝင်းက "ပထမဆုံးအကြိမ် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ညီလာခံမှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အတွက် ပထမဦးဆုံးဆောင်ရွက်မယ့်အစည်းအဝေးဖြစ်ပါတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး ရှေ့ဆက်သွားနိုင်ဖို့ အတွက် ဒီအစည်းအဝေးက တကယ်အရေးကြီးတဲ့ အစည်းအဝေးဖြစ်ပါတယ်၊ အခုအတွင်းရေးမှူး အစည်းအဝေးမှာ ချမှတ်သွားမယ့် လုပ်ငန်းအစီအစဉ်တွေဟာ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံရဲ့ အသက်ကိုဆက်ပြီးသွင်းပေးမယ့်သဘောဖြစ်ပါတယ်" ဟု ပြောကြား သည်။
နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စား ဦးသုဝေက "နိုင်ငံတော်အစိုးရက ကြိုတင်ဆောင်ရွက်ပြီး စီမံထားတဲ့ကိစ္စတွေဟာ အင်မတန်အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အင်မတန် မှ ၀မ်းသာပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ ငြိမ်းချမ်းရေးကိုဆောင်ရွက်ရာမှာ ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေး အတွက်၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရည်မှန်းပြီး အားလုံးဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်၊ စေတနာအပြည့်၊ ရည်မှန်း ချက်အပြည့်နဲ့ လုပ်ဆောင်ခဲ့ကြပါတယ်၊ ဒီလုပ်ငန်းစဉ်ကြီးထဲမှာ အားလုံး ထဲထဲဝင်ဝင် ကိုယ်နိုင်ငံနဲ့ ကိုယ့်ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံရေးပါတီ အစုအဖွဲ့က အတူတကွပူးပေါင်း ဆောင်ရွက်ပါမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ပါ့မယ်လို့ ပြောကြား လိုပါတယ်" ဟု အဖွင့်နှုတ်ခွန်းဆက်တွင် ထည့်သွင်းပြောကြားသည်။
ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့်ပတ်သတ်၍ ပြင်ဆင် ထားမှုများအား (UPDJC) အတွင်းရေးမှူးအဖွဲ့၏ အစိုးရအစုအဖွဲ့ ကိုယ်စားလှယ်မှ ရှင်းလင်း တင်ပြ ခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖိတ်စာများ၊ ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားမည့်သူစာရင်းနှင့် ညီလာခံ တက်ရောက်မည့်သူ စာရင်းများအား အတည်ပြုနိုင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။
ယင်းအပြင် UPDJC စုံညီအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူနိုင်ရေးအတွက် အတွင်းရေးမှူး အဖွဲ့မှ ရေးဆွဲရမည့် လုပ်ငန်းများ၊ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ အစည်းအဝေး ကျင်းပမည့် ပုံစံနှင့် လုပ်ငန်းများ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် အခြေခံ လမ်းညွှန်မှုများ၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့များ၊ အတွင်းရေးမှူးအဖွဲ့၊ ရုံးအဖွဲ့ နှင့် လေ့လာသူများ စည်းမျဥ်းစည်းကမ်းများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ နေ့စဉ်ဆွေးနွေးမည့်ကိစ္စရပ်များအားလည်း ညှိနှိုင်းမည်ဖြစ်ပြီး ညီလာခံတွင် ဆွေးနွေးကြမည့် ကဏ္ဍအလိုက် အကျိုးဆောင်ကြမည့်သူများကို သတ်မှတ်ရွေးချယ်သွားမည် ဖြစ်ကြောင်း လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ(၉)ခုဖြစ်သည့် ဖိတ်ကြားရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖွင့်ပွဲနှင့် အစည်းအဝေးအခမ်းအနား ကျင်းပရေး၊ လုံခြုံရေး၊ ပြန်ကြားရေး၊ ကျန်းမာရေးနှင့် ဘဏ္ဍာရေးကော်မတီများမှ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲတွင် အတည်ပြုချက်ရယူသွားမည်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး အတွက် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကို ဇန်န၀ါရီ (၆) ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
(သတင်း…. မြတ်သန္တာမောင်၊ ဓါတ်ပုံ… ဇော်မင်းလတ်)


No comments:

Post a Comment