Tuesday, January 26, 2016

ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (IDLO)တို့ အကြား MoU နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကျင်းပ



နေပြည်တော် ဇန်န၀ါရီ ၂၆
ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေ ဖွံ့ဖြိုးတိုးတက် ရေး အဖွဲ့အစည်း (IDLO) တို့အကြား ဥပဒေ ပညာ ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ပေးရေးအတွက် MoU သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ The Lake Garden ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ ဥပဒေရုံး တစ်ရုံးအဖြစ် ခေတ်နှင့်အညီ ဥပဒေတာဝန်ကို ထမ်းဆောင်ပေးရန် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ ဥပဒေ အရာရှိများနှင့် ၀န်ထမ်းများသည် စာတွေ့၊ လက်တွေ့ ဥပဒေပညာ တိုးတက်အောင် ယနေ့ကာလအထိ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ လက်တွေ့ အတွေ့အကြုံများ ရရှိနိုင်ရန် အတွက် မိမိတို့၏ အတွေ့အကြုံ တစ်ခုတည်းသာမက ဥပဒေပညာ သင်ကြားပေးခဲ့ကြသော အာစရိယ ဆရာသမားများ အတွေ့အကြုံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင်များ၏  အတွေ့အကြုံ များကိုပါ လေ့လာ ဆည်းပူး စေခဲ့ကြောင်း။
ထို့ပြင် လက်တွေ့ အတွေ့အကြုံများကို အခြေခံပြီး နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်နှင့် အညီ ကိုရီးယား သမ္မတနိုင်ငံမှ KIOCA အဖွဲ့အစည်း၊ ဂျပန်နိုင်ငံမှ JICA အဖွဲ့အစည်း၊ စင်ကာပူ သမ္မတနိုင်ငံ တရားရေး ၀န်ကြီးဌာန၊ UNDP အဖွဲ့အစည်း၊ USAID အဖွဲ့အစည်း၊ တရုတ်၊ လာအိုနှင့် အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် လည်း စီမံချက် သဘောတူ စာချုပ်များ ချုပ်ဆိုပြီး လက်တွေ့ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ မကြာသေးမီ ကာလကလည်း နိုင်ငံတော် အစိုးရ၏ သဘောတူခွင့်ပြုချက်နှင့်အညီ ဥပဒေ အရာရှိများ၏ ဥပဒေပညာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ၂၀၁၅ ခုနှစ်တွင် မဟာဗျူဟာ ၅နှစ် စီမံကိန်း အစီအစဉ် များချမှတ်ပြီး ကမ္ဘာ့အဆင့်မီ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ စီမံကိန်း ရေးဆွဲပြီးနောက်ပိုင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးသည် IDLO အဖွဲ့အစည်းနှင့် ပထမဆုံး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ IDLO အဖွဲ့အစည်းမှ Director Global Initiatives ဖြစ်သူ Dr. Faustina Pereira က ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် IDLO အဖွဲ့အစည်းတို့ အကြား MoU သဘောတူစာချုပ် လက်မှတ် ရေးထိုးနိုင်ခြင်း သည် မြန်မာနိုင်ငံနှင့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပါကြောင်း ပြောကြားသည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment