Tuesday, January 26, 2016

၃၆ ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်ညီလာခံ ဖွင့်ပွဲကျင်းပ




ရန်ကုန်၊ ဇန်နဝါရီ  ၂၆
(၃၆)ကြိမ်မြောက် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန် ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သံသုမာလမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ရန်ကုန်တွင် ယနေ့ နံနက်(၈)နာရီတွင် ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် နှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်သည်။

 ပြည်ထောင်စု ဝန်ကြီးက ပြောကြားရာ ညီလာခံတွင် မြန်မာနိုင်ငံ တစ်ဝန်း တွင်ရှိကြသော သွားနှင့်ခံတွင်း ဆရာဝန်များ တွေ့ဆုံ စည်းဝေးကြပြီး မိမိတို့ သွားဖက်ဆိုင်ရာ ဆေးပညာ လောကတိုးတက် ဖွံ့ဖြိုးရေး၊ မိမိတို့ အချင်းချင်း ရိုင်းပင်းကူညီရေး အတွက် ဆွေးနွေးမှု၊ အကြံပြုမှုများ ပြုလုပ်ပြီး မိမိတို့၏ ပညာရည် တိုးတက်မှုနှင့် ပြည်သူလူထု၏ သွားနှင့်ခံတွင်း ရောဂါဝေဒနာများကို နိုင်ငံတကာ အဆင့်မီ ကုသနိုင်ရန် အတွက် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် ပိုစတာပြပွဲများစည်စည် ကားကားပြု လုပ်သွားမည် ဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊
 ယခုနှစ် မြန်မာ နိုင်ငံသွားနှင့် ခံတွင်းဆရာဝန် ညီလာခံနှင့်အတူ အပြည်ပြည်ဆိုင်ရာ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း ပညာရပ်ဆိုင်ရာ ပူးပေါင်းပါဝင်သော ဟောပြောပွဲတွင်  ပြည်ပပညာရှင်(၂၁)ဦး ဆွေးနွေး ဟောပြောကြပြီး ပြည်တွင်း ပညာရှင်(၂၈)ဦးတို့က မိမိတို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော သုတေသနပြု တွေ့ရှိချက်များကို ဆွေးနွေး တင်ပြကြမှာ ဖြစ်သည့်အတွက် နိုင်ငံ၏သွားနှင့် ခံတွင်းဆေးပညာ အဆင့် အတန်းသည် ပတ်ဝန်းကျင် နိုင်ငံများနှင့် ရင်ဘောင်တန်း နိုင်ကြောင်း တွေ့ရှိရ၍ ကျေနပ်မိပါကြောင်း၊ ဘွဲ့ရလာသော ဆရာဝန်များသည် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို သယ်ပိုးရန် အစိုးရဆေးရုံများ၊ ဆေးတက္ကသိုလ် များတွင် ပြည်သူ့ဝန်ထမ်း အဖြစ်အလုပ်အကျွေး ပြုကြစေလိုကြောင်း၊

ကျန်းမာရေး ဝန်ကြီးဌာနသည် လုပ်ငန်း လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ခဲ့သော ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ နှီးနွယ်တက္ကသိုလ်များမှ ဆေးပညာရှင်များပိုမို မွေးထုတ်ရန် စီမံဆောင်ရွက်ထားပြီး ထွက်ပေါ်လာသော ဆေးပညာရှင် လူ့စွမ်းအား အရင်းအမြစ်များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် ခေတ်မီဆေးပစ္စည်းကိရိယာများတပ်ဆင်ပေးပြီး၊ ဆေးရုံဆေးပေး ခန်းများတိုးချဲ့ ဆောက်လုပ်ပေးခြင်း၊ ဆရာဝန်များ၊ သူနာပြုများနှင့်  သွားနှင့်ခံတွင်း ဆရာဝန်များ ကိုပါတိုးချဲ့ ခန့်ထားပေးခဲ့ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ခေတ်မီပစ္စည်း ကိရိယာများ၊ အထောက်အကူ ပစ္စည်းများပြည့်စုံသော National Centre for Oral Health Care သွားနှင့်ခံတွင်း ဆေးရုံကြီးကို နေပြည်တော်တွင် ဖွင့်လှစ်ဖို့ ရည်မှန်းဆောင်ရွက် ထားကြောင်း၊

သွားနှင့်ခံတွင်း ဆရာဝန်များသည် တိုးတက်သော သွားနှင့်ခံတွင်း ဆေးပညာရပ်များကို အသုံးချ၍ ပြည်သူလူထုကို စောင့်ရှောက်ပေးပြီး စိန်ခေါ်မှုများကို ကျော်လွှား၍ အောင်မြင်မှုရယူရန် Challenges to Provide Quality Dental Care ဆိုတဲ့ ယခုနှစ် ညီလာခံ၏ မျှော်မှန်းချက်ကို ဖြည့်ဆည်းအားထုတ် ကြိုးပမ်းသွားကြရန် ‌ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန် အသင်း ဥက္ကဌ၊ ဒေါက်တာပွင့်ဖူးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ FDI (World Dental Federation)  ကိုယ်စားလှယ်နှင့် ကြိုဆိုဧည့်ခံ ရေးကော်မတီ ဥက္ကဌ ဒေါက်တာအောင်သန်းတို့မှ ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားသည်။

ညီလာခံ အထိမ်းအမှတ် ဆေးပစ္စည်း ကိရိယာပြခန်းကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန်အသင်းဥက္ကဌ ဒေါက်တာပွင့်ဖူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများမှ ခင်းကျင်းပြသ ထားသည်များကို လှည့်လည်ကြည့်ရှု သည်။

(၃၆)ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန် ညီလာခံကို ဇန်နဝါရီလ (၂၆)ရက်မှ(၃၀) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

No comments:

Post a Comment