Wednesday, January 13, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတသံအမတ်ကြီး H.E. Mr. Jaroslav Dolecek အားလက်ခံတွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၁၃
တည်ငြိမ် အေးချမ်း စေချင်သည့်စိတ်၊ တိုးတက်ချင်သည့် စိတ်နှင့် စည်းကမ်းတကျ နှင့်နေချင် သည့်စိတ်များ ရှိနေမည်ဆိုလျှင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမည် ဖြစ်ပြီး မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးစ နိုင်ငံဖြစ်၍ ပို၍အရေးကြီး ကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရှိအောင် ကြိုးစားရမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရပြီဆိုပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ဖွံ့ဖြိုးတိုးတက်သော မိတ်ဆွေနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတသံအမတ်ကြီး H.E. Mr. Jaroslav Dolecek ကို လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဖော်ဆောင် မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ် မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ရေးနှင့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးသင်တန်းများ စေလွှတ် တက်ရောက် နိုင်ရေး၊ ယခင်က ပူးပေါင်းဆောင်ရွက်ခဲ့သည့် လယ်ထွန်စက်နှင့် တာယာထုတ်လုပ် ရေးလုပ်ငန်း များကို အခြေခံပြီး စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများတွင် နည်းပညာများနှင့် အတွေ့အကြုံများ ဖလှယ်၍ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများအား ဆွေးနွေးကြသည်။
မြန်မာနိုင်ငံသည် ယခင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံနှင့် နှစ်ပေါင်း ၆၀ ကျော် သံတမန်ဆက်ဆံရေးရှိခဲ့ပြီး ယခုချက်သမ္မတနိုင်ငံနှင့် ၁၉၉၃ ခုနှစ်မှစ၍ သံတမန်ဆက်ဆံရေးဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံအခြေစိုက် ချက်သမ္မတနိုင်ငံသံရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး Mr. Jaroslav Dolecek သည် ၂၀၁၅ ခုနှစ် မေ ၂၆ ရက်တွင် မြန်မာနိုင်ငံ၌ စတင်တာဝန်ထမ်းဆောင် သည့်  ပထမဆုံးသံအမတ်ကြီးဖြစ်ကြောင်း သိရသည်။

 (မြ၀တီ)

No comments:

Post a Comment