Wednesday, January 13, 2016

အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ ၁၃
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၂)ခု ဆွေးနွေးခြင်း၊ ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြ သည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင်ရီ၏ ကမ္ဘာတစ်လွှား၌ အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်ရေးသမားများက ပြည်သူများစုဝေးရာ နေရာများ၌ အကြောင်းမဲ့ဝင် ရောက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများ သေကြေ ပျက်စီးရသည့် ဖြစ်ရပ်များ ပေါ်ပေါက်နေသဖြင့် ထိုသို့အစွန်းရောက်အကြမ်းဖက်သမားများ ၀င်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်များ စောင့်ကြပ်ကြည့်ရှု စနစ်နှင့် အရေးပေါ်ကိစ္စများပေါ်ပေါက်ပါက အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်နိုင်မည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်ဆက်စပ်သည့် ကိစ္စများအားလုံးတွင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက် ဖျက်ရေး ကော်မတီ (CTC)၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းများတွင်ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်း များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများနှင့် အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအား ၂၀၁၄ ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပြီး ယင်းဥပဒေပုဒ်မ ၅ အရ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ်(၁၁၉/၂၀၁၅)ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင်(၃၄)ဦးပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းထားရှိပါကြောင်း။
နိုင်ငံတော်တွင် နိုင်ငံတကာအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်နေသည့် ဖောက်ခွဲဖျက်ဆီးမှုများအပါအ၀င် အကြမ်းဖက်တိုက်ခိုက်မှုများ မရှိခဲ့သော်လည်း အကြမ်းဖက်မှုပပျောက်ရေးအတွက် အကြမ်းဖက်သမားများ ခိုလှုံသည့်နေရာနှင့် လေ့ကျင့်ရေးစခန်းများ မိမိတို့နိုင်ငံအတွင်း လုံးဝမရှိစေရေးအတွက် ကြိုတင်ကာကွယ် ရန်နှင့် တားဆီးနှိမ်နင်းရန်၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများဖော်ထုတ် လျက် သင့်လျော်သောနည်း လမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ရန်၊ အကြမ်းဖက်မှုလုပ်ရပ်မှန် သမျှကို ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်ဖြင့် ထိရောက်စွာ တုံ့ပြန်ရန်၊ အကြမ်းဖက် သမားများ နိုင်ငံအတွင်းသို့ ၀င်ရောက်နိုင်ခြင်းမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရန်၊ အကြမ်းဖက်မှုဖြစ်ပွားလာပါက အမြန်ဆုံးကယ်ဆယ်ရေးနှင့် ချေမှုန်းရေးဆောင်ရွက်ရန်၊ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရန် စသည့်ရည်မှန်းချက်များထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်(၄)ဦးတို့က ဆွေးနွေးကြသည်။
ထို့အတူ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်က ဆွေးနွေးသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ကျောက် မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေး ပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏အဆုံးအဖြတ်ရယူ အတည်ပြုသည်။ 

No comments:

Post a Comment