သတင်းဆောင်းပါး-ခင်မောင်ထွေး ၊ဇော်ကြီး
ယခုရက်ပိုင်း အတွင်းက လူမှုကွန်ရက် စာမျက်နှာထက်တွင် ရန်ကုန်မြို့ ဦးဥတ္တမပန်းခြံရှိ
HAPPY WORLD ကစားကွင်း၌ အမျိုးသား တန်ဆာပုံဏ္ဍာန်ပစ္စည်းများကို လက်ဆောင် အဖြစ် ပေးနေကြောင်း၊
အရွယ် မရောက်သေးသူ ကလေးသူငယ်များ၊ ကျောင်းသား ကျောင်းသူများ ရှေ့ရေးကိုတွေး၍ သက်ဆိုင်ရာမှ
ထိထိ ရောက်ရောက် စုံစမ်းအရေးယူ ပေးစေလိုကြောင်း၊ ဓာတ်ပုံနှင့်တကွ တင်ပြခဲ့ကြရာ အဆိုပါ
ဖြစ်စဉ်အပေါ် အများ ပြည်သူများက အထူး စိတ်ဝင်စားခဲ့ကြပြီး ကန့်ကွက်မှု များလည်း ရှိခဲ့သည်။
ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၏
ညွှန်ကြားမှုဖြင့် ဒဂုံမြိုနယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၉ ရက်က
ဦးဥတ္တမ ပန်းခြံရှိ HAPPY WORLD ကစားကွင်းသို့ သွားရောက် စစ်ဆေးရာ ရောင်းချမှု မတွေ့ရကြောင်း၊
သို့ဖြင့် ဒဂုံမြို့နယ် ဓမ္မစေတီလမ်း ပြည်သူ့ ဥယျာဉ်အတွင်းရှိ HAPPY ZONE သို့ ဆက်လက်
သွားရောက် စစ်ဆေးရာ မန်နေဂျာ ဦးမြတ်ထွန်းဇံက အဆိုပါ ပစ္စည်းများ ဂိမ်းကစားသူများ အောင်မြင်ပါက
လက်ဆောင် ပေးခြင်းဖြစ်ကြောင်း ၀န်ခံ၍ အဆိုပါ ပစ္စည်း များကို သိမ်းဆည်းပြီး ဆက်လက် မရောင်းရန်
အသိပေးပြီး ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။
“လူမှု ကွန်ယက်ပေါ်ကို တင်ထားတာ တစ်ပတ်လောက်ရှိပြီ။ ဒီသတင်းကို တွေ့တာနဲ့ မြို့နယ်
အုပ်ချုပ်ရေးမှူးကို ချက်ချင်း သွားရောက် စစ်ဆေးခိုင်း ခဲ့တယ်။ သွားစစ်ဆေးတဲ့ အချိန်မှာတော့အဲဒီ
ပစ္စည်းတွေ မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ငါးရက်လောက်က ပြန်သိမ်း ထားလိုက်ပြီလို့ ပြောတယ်။
ဆပ်ပြာနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေပါ။ လာရောက် ကစားတဲ့သူတွေကို ပျော်ရွင်မှု ဖြစ်အောင်
အနိုင်ရရှိတဲ့ တိုကင်နဲ့ လဲပေးဖို့ စီစဉ် ပေးထားတာလို့ သိရတယ်။ မြန်မာ့ ယဉ်ကျေးမှုနဲ့
မညီညွတ်တဲ့ အတွက် ဆိုင်မန်နေဂျာကို ခံဝန် ကတိ ထိုးခိုင်းခဲ့တယ်။ ပစ္စည်း နမူနာကိုယူပြီး
သက်ဆိုင်ရာကို တင်ပြနိုင်ဖို့ အတွက် စီစဉ်နေ ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးကို အရေးယူဖို့
ဆိုတာ ကတော့ ဒေသန္တရ အမိန့် ထုတ်ပြန် ထားခြင်း မရှိတော့ အခက်အခဲ ရှိပါတယ်။ လက်ရှိ အခြေအနေ
အရ ခံဝန် ကတိထိုး ထားတယ် ဆိုပေမယ့် တားမြစ် ထားတဲ့ကြားက နောက်ထပ် ကျူးလွန်ရင် ဥပဒေအရ
အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန် တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောသည်။
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် တတိယနှစ် ကျောင်းသူတစ်ဦး၏ မိခင် ဒေါ်မေသန်းဦးက
“ကလေးတွေ အများဆုံး သွားရောက် ကစားတဲ့ ကစားကွင်းလို နေရာမှာ ဒီလို ပစ္စည်းတွေကို အမှတ်တရ
လက်ဆောင် အဖြစ်နဲ့ လဲလှယ် ပေးတာမျိုးက မဖြစ်သင့်ပါဘူး ။ လူငယ်တွေ ဆိုတာက အတုမြင် အတတ်သင်
စိတ်ဓာတ်မျိုး ရှိတဲ့အတွက် ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး လမ်းမှား ရောက်သွားနိုင်တယ်။
ယဉ်ကျေးမှု အနေနဲ့ ကြည့်ရင်လည်း လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ အနာဂတ် လူငယ်တွေ
ကောင်းဖို့ ဆိုတာ မိဘ၊ ဆရာသမားတွေရဲ့ သွန်သင် ဆုံးမမှုတွေအပြင် သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့လည်း
ဆိုင်ပါတယ်။
မိမိအကျိုးစီးပွား တိုးတက်ဖို့ အတွက် ဒီလို ကိစ္စမျိုးလုပ်ပြီး ဆွဲဆောင်တာမျိုး
ကိုတော့ သက်ဆိုင်ရာက ထိန်းသိမ်း သင့်ပါတယ် ”ဟု ပြောသည်။
ပစ္စက္ခတွင် မြန်မာနိုင်ငံသည် ပြူတင်းတံခါးများ ပို၍ပို၍ ဖွင့်လှစ်လာမှုနှင့်အတူ
နယ်ပယ် အသီးသီးတွင်လည်း စိန်ခေါ်မှုများနှင့် ပို၍ပို၍ ရင်ဆိုင်ကြုံတွေ့ လာရသည်။
“ အွန်လိုင်းမှာတော့ ဒီလို ပစ္စည်းတွေကို ပုံ နဲ့ဈေးနှုန်းတွေပါ ဖော်ပြပြီးရောင်း
ချနေတာ ကြာပါပြီ။ ဒီလို ပစ္စည်းတွေ ဆေးဝါးတွေ ဆိုတာလည်း အနောက်နိုင်ငံနဲ့ အိမ်နီးချင်း
နိုင်ငံတချို့ မှာ တော်တော် ယဉ်ပါးနေပါပြီ။ ဒီနိုင်ငံမှာတော့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အတွက်
လက်ခံ၍မဖြစ်ပါ။ ဒီလို တရားမ၀င် ၀င်ရောက်လာတဲ့ ပစ္စည်းတွေကြောင့် လူငယ်တွေလမ်း မှားရောက်
မသွားအောင် လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ပညာပေး ပိုစ့်တွေကို တွေ့ရပါတယ်။
“လူငယ်တွေ လမ်းမှား မရောက်သွားအောင် အွန်လိုင်းကနေ ဒီလို ပစ္စည်းတွေကို ပုံနဲ့တကွ
ဆက်သွယ် ရောင်းချနေတဲ့ ပိုစ့်တွေကိုလည်း ထိန်းချုပ်သင့်တယ်။ နိုင်ငံအနေ တဲ့ ခေတ်မီ
တိုးတက်တာ ကောင်းတယ် ဆိုပေမယ့် တချို့ အရာတွေ ကတော့ ခေတ်မီတိုင်း မကောင်းပါဘူး။ အရွယ်မတိုင်မီ
လူငယ်တွေ ခေတ်မီတာ လွန်ပြီး ကောသလမင်း အိမ်မက် (၁၆)ချက်ထဲကလို ဒန့်ကျွဲပင် ပုခက် လွဲခေတ်ကို
အမြန်ဆုံး ရောက်သွားလိမ့်မယ်”လို့ မရမ်းကုန်း မြို့နယ် အခြေခံ ပညာ အလယ်တန်း ကျောင်းဆရာ
တစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းရွှေ က “
ပြည်သူ့ ဥယျာဉ်ထဲက HAPPY ZONE ထဲကို ကျွန်တော်တို့ ရောက်တော့ လူမှုကွန်ရက်မှာ တက်နေနဲ့
ဓာတ်ပုံထဲက နေရာကို တွေ့တယ်။ ပုံထဲမှာ ဖော်ပြထားတဲ့ ပစ္စည်းတွေကိုတော့ မတွေ့တော့ပါဘူး။
ဒီပစ္စည်းတွေ သူတို့ပိုင်ရှင်က ပြည်ပနိုင်ငံကနေ တွေ့လို့ဝယ်လာတာ။ လာရောက် လည်ပတ် ကစားတဲ့သူတွေကို
ပျော်ရွင်အောင် ဆိုပြီး စီစဉ်ခဲ့တာလို့ သိရတယ်။ အပျော်သဘောဆိုပြီး စာရေးပြီး ကပ်ထားပါတယ်
။ ကလေးတွေ ပျက်စီးအောင် လုပ်တဲ့ ရည်ရွယ်ချက် မရှိဘူး။ သဘောရိုးနဲ့ ထားပေးထားတာလို့
မန်နေဂျာ ပြောတယ်။ လူမှုရေးအရ စိုးရိမ်လို့ လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့ သဘော ရှိပါတယ်။
ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူတွေ မကြိုက် နှစ်သက်တဲ့ ဒီလို ကိစ္စတွေကို ပညာပေး ဆွေးနွေးပွဲတွေ
လုပ်တဲ့ အခါမှာ ထည့်ပြောဖို့ စီစဉ် ထားပါတယ် ” ဟုပြောသည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အပေါ် ပွတ်တိုက်မှုများကား ယခု နှစ်ပိုင်းများအတွင်း ပို၍
ကြုံတွေ့လာ ရသည်။ ၂၀၁၆ ခုနှစ် စီးပွားရေး လုပ်ငန်းကြီးများမှ ထုတ်ဝေသည့် နှစ်သစ်ပြက္ခဒိန်
အချို့မှာပင် မြန်မာ့မျက်စိနှင့် မလျော် ဆန့်ကျင်မှုများကို ပို၍ တွေ့မြင်လာရပြန်သည်။
သို့တစေ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကား မြတ်စွာ ဘုရားရှင်သည် သုံးဆယ့်ရှစ်ဖြာ
မင်္ဂလာ တရားတော်များနှင့် ရာဇဂြိုဟ်မြို့သား သိင်္ဂါလ သတို့သားအား ဟောကြားခဲ့သည့် လူမှုရေး
တရားတော်များ ဖြစ်သော မိဘနှင့် သား သမီး ၀တ္တရားငါးပါး၊ ဆရာနှင့် တပည့် ၀တ္တရားငါးပါး၊
အလုပ်ရှင်နှင့် အလုပ်သမား ၀တ္တရားငါးပါး၊ မိတ်ဆွေ အချင်းချင်း ဆောင်ရွက် ရမည့် ၀တ္တရား
ငါးပါး၊ ဥစ္စာ ပျက်စီးကြောင်း တရားများ အပါအ၀င် ထေရဝါဒ ဗုဒ္ဓသာသနာ အပေါ် သက်ဝင် ယုံကြည်မှုများမှ
တစ်ဆင့် မြစ်ဖျားခံ စီးဆင်းလာခြင်းသာ ဖြစ်၍ မြန်မာ့ လူ့ဘောင် အတွင်း မကောင်းမှုကို ရှက်ခြင်း၊
ကြောက်ခြင်းတည်း ဟူသော ဟီရိသြတ္တပ္ပ တရားများ ကို မြန်မာတိုင်း လိုက်နာ စောင့်ရှောက်သင့်
ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
No comments:
Post a Comment