Friday, January 1, 2016

ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက် မြောက်နေ့ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ပြည်ပခရီးစဉ်ကို မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းနှစ်ခု မှတ်တမ်းတင်ခြင်း၊ ကျေးရွာများ တိုးတက် ပြင်ဆင်ခြင်းကို မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်းသုံးခု လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍  ရှင်းလင်းခြင်းနှင့် အစီရင်ခံစာတစ်ခု အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်သည့် (၂၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်း သဝဏ်လွှာ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူသည့် ပိုးသတ်ဆေးဥပဒေကြမ်း၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်း၊ ကရင်ပြည်နယ် အတွင်းရှိ ကျေးရွာ(၃၃)ရွာ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာ(၂၇)ရွာ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေကြမ်း၊ ရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေကြမ်းနှင့် အနုညာတစီရင် ဆုံးဖြတ်ခြင်း ဥပဒေကြမ်းတို့ကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ် ပထမ ၆လပတ် အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ဝန်ကြီးဌာနများ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်အတွင်း အမျိုးသားစီမံကိန်းဆောင်ရွက်မှု လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်မှုများအပေါ် အသေးစိတ် ရှင်းလင်းပြောကြားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒုတိယ (၆)လပတ်နှင့် ဘဏ္ဍာနှစ်တစ်နှစ်လုံး၏ အကောင်အထည် ဖော်မှုကို ရည်မှန်းချက် ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ကော်မတီက အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

No comments:

Post a Comment