အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ
ယနေ့နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့ မှန်နန်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး
ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဦးကိတ္တိသာရအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် အဆိုပါကျောင်းတိုက်၌ ကျင်းပသည့်
မှန်နန်းဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ
အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား သည်။
အဆိုပါအခမ်းအနားသို့ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့်
မိဘဆရာအသင်းမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောင်းသူလေးများက “ဗိုလ်ရှုသဘင်”သီချင်းအားသီဆို၍ အခမ်းအနား
ကို ဖွင့်လှစ်ပေးကြပြီး မှန်နန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးကိတ္တိသာရ က ပညာရေးစနစ်
ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ထားမှု အခြေအနေ များအား မိန့်ကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကား ပြောကြားရာတွင်
ယနေ့နိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်သည် ပြည်သူက
အဆုံးအဖြတ် ပေးရသည့် စနစ်ဖြစ်၍ ပြည်သူတိုင်း ပညာရည်မြင့်မားရန်အထူးလိုအပ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း
ပညာရည်မြင့်မားရေးအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့သုံးစွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ
ကြောင်း၊ သို့သော် ပြည်သူများအကြားရှိ အချို့သော ကလေးငယ်များသည် အခြေခံ ပညာရပ်များကိုသာ သင်ယူနိုင်ကြပြီး
အဆင့်မြင့် ပညာရပ်များကို ဆက်လက်သင်ယူ နိုင်ခြင်းမရှိသည်ကို တွေ့ရကြောင်း။
ထို့ကြောင့် ဘုန်းတော်ကြီးများက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ
ထူထောင်ပြီး ကူညီဆောင်ရွက် ပေးနေသည်ကို တွေ့ရကြောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းများ၌
ပညာသင်ကြားရခြင်းကို အားငယ်ရန်မလိုကြောင်း၊ ရှေးယခင် ပဒေသရာဇ်ခေတ်ကတည်းက ရှင်ဘုရင်နှင့်
မင်းညီ မင်းသားများသည် ဘုန်းတော်ကြီး များထံတွင် ပညာသင်ကြားရပါကြောင်း။
လူဖြစ်ပြီး လူဖြစ်မရှုံးရန် အရေးအကြီးဆုံးအချက်(၂)ချက်ရှိကြောင်း၊
အများ ကောင်းကျိုး ဆောင်ရွက်နိုင်သည့် ခေါင်းဆောင် ဖြစ်အောင်ကြိုးစားကြရန်နှင့် သံသရာမှ
လွတ်မြောက်သူ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်တို့ဖြစ်ကြောင်း။
ပညာသင်ကြားရာတွင် ပညာရည်မြင့်မားရန် ရှင်မဟာရဋ္ဌသာရ၏ “သု၊ စိ၊ ပု၊
ဘာ၊ ၀ိ၊ လိ၊ သိ၊ ဓာ”သြ၀ါဒစကားအတိုင်း ကြားနား၊ သင်ယူ၊ တွေးတော၊ ကြံစည်၊ မေးမြန်း၊ မှတ်သားကြရန်လိုကြောင်း၊
အချိန်ကိုတန်ဖိုးသိသိဖြင့် စနစ်တကျ အကျိုးရှိစွာ အသုံးချသူနှင့် အသုံးမချသူတို့အပေါ်မူတည်၍
ဘ၀အခြေအနေကွာခြားသွားသဖြင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်ကြရန်လည်းလိုအပ်ကြောင်း။
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူ များအတွက်
“စတ်ဖာ စတ်ဖာ နတ်နတ်ဖာ” “ စာဖတ် စာဖတ်
နာနာဖတ်” ဆိုသည့် ဆောင်ပုဒ်ကို လက်ဆောင် အဖြစ်ပေးအပ်ရင်း နိဂုံးချုပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မှန်နန်းဘုန်းတော်
ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း ဗုဒ္ဓ၀င်နှင့် မင်္ဂလာစာမေးပွဲတွင် ယဉ်ကျေးမှု ပထမအဆင့်၊
ယဉ်ကျေးမှုဒုတိယအဆင့်၌ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ တာဝန်ရှိသူများက ယဉ်ကျေးမှုဒုတိယအဆင့်၌ တတိယဆုနှင့်
နှစ်သိမ့်ဆုရရှိကြသူများ၊ ဆဋ္ဌမတန်း၊ ပဉ္စမတန်း၊ စတုတ္ထတန်း၊ တတိယတန်း၊ ဒုတိယတန်း၊ ပထမတန်းနှင့်
သူငယ်တန်းတို့မှ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားအပြီးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် အသစ်ဆောက်လုပ်
လှူဒါန်းထားသည့် ၀ဏ္ဏမာလာကျောင်းဆောင်သစ်နှင့် ကွန်ပျူတာဆောင်တို့အား လှည့်လည်ကြည့်ရှုပြီး
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ
ရမည်းသင်းမြို့သို့ရောက်ရှိပြီး ဆုတောင်းပြည့်ရှင်မာလဲဘုရား ဓမ္မာရုံ၌ မီးဘေးသင့်ပြည်
သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် သောက်ရေသန့် ဘူးများအား
ထောက်ပံ့ပေးအပ်သည်။
ရမည်းသင်းမြို့ မြို့မရပ်ကွက် ရွှေကူရပ်တွင် ဇန်န၀ါရီ ၂၁ ရက်နေ့
ညနေ ၄ နာရီ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် မီးဘေးသင့်ပြည်သူများအား အဆိုပါ
ဓမ္မာရုံ၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ နိုင်ငံတော်အစိုးရမှ စားသောက်နေထိုင်ရေး၊
ကျန်းမာရေးအတွက် ဖြည့်ဆည်း ထောက်ပံ့ပေးလျက်ရှိသည်။ မီးလောင်မှုကြောင့် နေအိမ် (၁၁)လုံး
ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။



No comments:
Post a Comment