ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့မှုအပေါ် သုံးသပ်ဆွေးနွေးရန်၊
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှတ်တမ်းနှင့် အစီရင်ခံစာများ ထုတ်ပြန်ရေးကိစ္စဆွေးနွေးရန်နှင့်
ပဉ္စမအကြိမ်ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေး
အတွက်ရက်သက်မှတ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့
ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး
ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ ပြုလုပ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
(UPWC) ဒုတိယ ဥက္ကဌ ဦးအောင်မင်းက" ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီ
၁၆ ရက်က အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပြီးပါပြီ။ ညီလာခံကြီးက ရိုက်ခတ်လာတဲ့ အသံတွေဟာ
အလွန် တန်ဖိုးရှိပါတယ်။မှတ်တိုင် တစ် ခုအနေနဲ့ ကျန်ခဲ့တဲ့ ညီလာခံပါ။ ညီလာခံကိုအောင်မြင်စွာ
ကျင်းပနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြတဲ့ အတွင်းရေးမှူးများအဖွဲ့ ကိုကျေးဇူးတင်ပါတယ်။
ညီလာခံကို ပေထက်အက္ခရာ တင်ပြီး မှတ်တမ်းတင်
စာတမ်းပြုစုဖို့ တာဝန်ရှိပါတယ်။ ညီလာခံမှတ်တမ်းနဲ့ ပတ်သက်တာတွေကို ဘယ်လိုထုတ်ဝေမလဲ။
ဘယ်လို ခေါင်းစဉ်တွေနဲ့ ထုတ်မလဲဆိုတာ ဆွေးနွေးမယ်" ဟု အစည်းအဝေး အဖွင့်အမှာ စကားတွင်ပြောကြားသည်။
ယင်းနောက်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)
နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးသုဝေက "ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံကြီးကို ကျင်းပဖို့ ၀ိုင်းဝန်း ကြိုးစားခဲ့ကြသူ အားလုံးဟာ ကျွန်တော်တို့ တိုင်းပြည်အတွက်
အင်မတန်အရေးကြီးတဲ့ မှတ်တိုင်ကို စိုက်ထူခဲ့ကြတာပါ။ အဲ့ဒီမှတ်တိုင်ကိုလေးလေးနက်နက်နဲ့
ခိုင်ခိုင်မာမာဖြစ်စေဖို့ စာတမ်းပါပြုစုကြမယ် ဆိုတော့ တိုင်းပြည်တစ်ခုလုံးအတွက် အရေးပါပြီး
တန်ဖိုးရှိတဲ့ မှတ်တမ်းကြီး ဖြစ်ပါလိမ့်မယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အစဉ်သဖြင့်
ဆက်လက်ပြီး လုပ်ဆောင်ရမယ့်လုပ်ငန်းကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ယခုလို ချစ်ချစ်ခင်ခင် ညီညီညွတ်ညွှတ်နဲ့
လုပ်ဆောင်ခဲ့သလို ဆက်လက်ပြီး တော့လည်း ချစ်ချစ်ခင်ခင်လက်တွဲသွားပါမယ်" ဟု အဖွင့်အမှာစကားတွင်
ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ
(UPDJC) အတွင်းရေးမှူးအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
မှတ်တမ်းနှင့်အစီရင်ခံစာများ ထုတ်ပြန် ရေးအတွက် မှတ်တမ်းအကျဉ်းကို ဖေဖော်ဝါရီ တွင်ထုတ်ပြန်နိုင်ရန်နှင့်
အစီရင်ခံများအား မတ်လ နောက်ဆုံးထား၍ ထုတ်ဝေနိုင်ရန် ဆွေးနွေးကြသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး
ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ ပဉ္စမအကြိမ်
အစည်းအဝေးကိုမူ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်လည် ကျင်းပနိုင်ရန်ဆွေးနွေး ခဲ့ကြသည်။
" ကျွန်တော်တို့ ဒီနေ့အစည်းအဝေးမှာတော့ ပထမအကြိမ် ပြည်ထောင်စု
ငြိမ်းချမ်းရေး ညီလာခံမှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်။
ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်ပြီး ပထမ တစ်မျိုးက ညီလာခံတက်ရောက်သူတွေ နဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေကို
မှတ်တမ်း အနေနဲ့ ထုတ်မယ်။ ဒုတိယတစ်မျိုးကတော့ အစုအဖွဲ့ ၇ ခုက အဖွဲ့အစည်း အသီးသီးရဲ့
ကဏ္ဍကြီး ၅ ခုအတွက် ဆွေးနွေးချက်တွေ ကို ထုတ်ဝေမယ်။ နောက်ထပ် လုပ်ဆောင်ကြမယ့် ဆွေးနွေးပွဲတွေအတွက်
ဒါတွေက အရေးကြီးတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေကိုတော့
အစိုးရ အနေနဲ့မတ်လ အထိ ရှိမယ်ဆိုတော့ မတ်လမှာ
အားလုံး အပြီးထုတ်ဝေ နိုင်အောင်ဆွေးနွေးတယ်။ ပြည်သူတွေအနေနဲ့ကလည်း ငြိမ်းချမ်းရေးညီလာခံက
ဆွေးနွေးချက်တွေကို သိချင်မှာပဲ" ဟု မြန်မာနိုင်ငံငြိမ်းချမ်းရေး နှင့်ပြန်လည်
ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)မှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦး က ပြောသည်။
ပထမဆုံးအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအား နေပြည်တော်ရှိ
မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC-2) တွင် ဇန်န၀ါရီ ၁၂ ရက်မှ ၁၆
ရက်အထိ ကျင်းပခဲ့သည်။ ညီလာခံသို့ အစိုးရအဖွဲ့မှကိုယ်စားလှယ်အစုအဖွဲ့၊ လွှတ်တော်မှကိုယ်စားလှယ်အစုအဖွဲ့၊
တပ်မတော်မှ ကိုယ်စားလှယ် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များမှ ကိုယ်စားလှယ်အစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် အစုအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့၊
တက်သိပညာရှင် များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူများအစု အဖွဲ့တို့မှ နိုင်ငံရေးကဏ္ဍ၊စီးပွားရေးကဏ္ဍ၊
လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ ဟူ၍ ကဏ္ဍ ငါး ခုအပေါ် ဆွေးနွေးခဲ့ကြသည်။



No comments:
Post a Comment