Wednesday, January 20, 2016

အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်န၀ါရီ  ၂၀
ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၆ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၂)ခုအတည်ပြုခြင်းနှင့် အစီရင်ခံစာ (၁)ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြ သည်။

အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးနှင်းဝေ၏ ကယား ပြည်နယ်အတွင်းရှိ ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီးသော ပြည်ထောင်စုလမ်းမကြီးအား ပြည်သူများ ရေရှည်ပုံမှန်ခရီးသွားလာနိုင်ရေး၊ မြို့နယ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေး စသည်တို့အတွက် လမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းတံတားဖြတ်သန်းခနှင့် တန်ပိုတင်ဆောင်ခ ကောက်ခံခြင်းတို့အား မည်သို့စီမံဆောင် ရွက်ထားသည်ကို သိရှိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က  ကယားပြည်နယ်အတွင်းရှိ ကတ္တရာလမ်းအဆင့် ဆောင်ရွက် ပြီးသော ပြည်ထောင်စုလမ်းမကြီးများကို နှစ်စဉ်ရရှိသည့် ရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ် အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း၌ ကတ္တရာထပ်ပိုးလွှာ ၂ မိုင်၊ ၃ ဒသမ ၅ ဖာလုံခင်းခြင်း၊ ၁၈ ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း ၄ မိုင် ၁ ဖာလုံ၊ ၂၄ ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း ၅ မိုင်၊ ကျောက်စီရေမြောင်း ၃ မိုင် ၇ ဖာလုံတည်ဆောက်ခြင်း၊ တံတားနှင့်ရေပြွန် ၇၃ စင်း တည်ဆောက်ခြင်းနှင့် ကျောက်စီမြေ ထိန်းနံရံ ၁ ခု တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့အတူ တောင်ငူ-မော်ချီး-လွိုင်ကော်လမ်း၌ ၁၈ ပေအကျယ်ကတ္တရာလမ်းချဲ့ခြင်း ၈ မိုင် ၂ ဒသမ ၅ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၁ မိုင် ၇ ဖာလုံ၊ ကျောက်စီမြေထိန်းနံရံ ၂၁ ခုတည်ဆောက်ခြင်း၊ တံတားနှင့်ရေပြွန် ၉၃ စင်း တည်ဆောက်ခြင်း၊ ကတ္တရာထပ်ပိုးလွှာ ၂ မိုင်ခင်းခြင်း၊ လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာ ၂ မိုင် ၄ ဖာလုံလောင်းခြင်း၊ ယာဉ်အကာအကွယ်တန်း ၂၅၃၀ ပေ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဖားဆောင်း-မယ်ဆည့်နန်-မယ်စဲ့-နန့်မန်းလမ်း၌ ၁၈ ပေအကျယ်ကတ္တရာ လမ်းချဲ့ ခြင်း ၂၃ မိုင်၊ တံတားနှင့်ရေပြွန် ၆ စင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေများလျာထားတင်ပြ တောင်းခံ ထားပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
လမ်းတံတားဖြတ်သန်းခကောက်ခံခြင်း၊ တန်ပိုစည်းကမ်းထိန်းသိမ်းခြင်းနှင့် တန်ပို တင်ဆောင်ခကောက်ခံခြင်းတို့ကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အောင်ပန်း-ပင်လောင်း-မိုးဗြဲ-လွိုင်ကော်လမ်း မိုင်တိုင်အမှတ် ၈၉/၀ နှင့် ၈၉/၁ ကြားတွင် လင်ဖုံလေးစခန်းတွင် တန်ပိုစည်းကမ်းထိန်းသိမ်းရေးဂိတ်ဖွင့်၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အတူ တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်းနှင့် တောင်ငူ-မော်ချီး-လွိုင်ကော်လမ်းတို့အတွက် လမ်းဆုံဖြစ်သော ဒီမောဆိုးမြို့နယ်အတွင်းတွင် လမ်း တံတားကောက်ခံရေးစခန်း ဖွင့်လှစ်ရန် ဆောင်ရွက်ထားပါကြောင်း၊ ဖားဆောင်း-မယ်ဆည့် နန်-မယ်စဲ့-နန့်မန်းလမ်းအတွက် သံလွင်တံတား (ဖားဆောင်း)အနီးတွင် လမ်းတံတားဖြတ် သန်းခနှင့် တန်ပိုစည်းကမ်းထိန်းသိမ်းရေးဂိတ်များ ဖွင့်လှစ်နိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးနု၏ အင်ဂျင်နီယာမိခင် သမိုင်းဝင် အင်းစိန် G.T.I ပြန်လည်အသက်ဝင် ရှင်သန်ရေး၊ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနိုင် မည့် အစီအစဉ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အပေါ် ဆောင် ရွက်ပြီးစီးမှု အခြေအနေကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ် တော်သို့ဖြေကြားပြီးနောက်ပိုင်း ၀န်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားမှုအခြေအနေများမှာ အဆိုပါကျောင်းဝင်းအတွင်းရှိ အဆောက်အဦများအနက်မှ ပင်မဆောင်တစ်ခုကို လွှဲပြောင်း လက်ခံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အင်းစိန် G.T.I ပင်မဆောင်၌ G.T.I သင်တန်းများ၊ ရုံးလုပ်ငန်းအတတ်ပညာသင်တန်းများ၊ ဟိုတယ်နှင့်ခရီးဆိုင်ရာသင်တန်း၊ အခြားအသက် မွေးပညာဆိုင်ရာသင်တန်းသစ်များ အစရှိသည့် ပုံမှန်သင်တန်းများအပြင် ကျွမ်းကျင်မှုဆိုင် ရာ စံနှုန်းအဆင့်ဆင့်နှင့်အညီ ကာလတိုသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်သွားရန် ညှိနှိုင်းလျက်ရှိပါကြောင်း။
ထို့ပြင် နှစ်ပေါင်း ၁၂၀ သက်တမ်းရှိပြီဖြစ်သော အင်းစိန် G.T.I အဆောက်အဦအား ရှေးဟောင်းသမိုင်းဝင် အဆောက်အဦအဖြစ် မှတ်တမ်းတင်ထားရှိနိုင်ရေးအတွက် ရန်ကုန် မြို့၏ မြို့ပြအမွေအနှစ်စာရင်းဝင် အမွေအနှစ် အပြာရောင်ကမ္ပည်းပြားကို AGTI Society အသင်းမှ တပ်ဆင်မှတ်တမ်းတင်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် သတ္တုသယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီတို့၏ ပထမအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် အမျိုးသားလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့်ကလေး သူငယ်ဆိုင်ရာကော်မတီ၏ ပထမအကြိမ် အမျိုးသားလွှတ်တော် သက်တမ်းကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကော်မတီဝင် ဦးဌေးမောင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ယင်းအစီအရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

No comments:

Post a Comment