Wednesday, January 20, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်န၀ါရီ ၂၀

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ(၁၂)နာရီခွဲတွင်ကျင်းပရာ   ဥပဒေတစ်ခု မှတ်တမ်းတင် ခြင်း၊ ဥပဒေကြမ်းတစ်ခု ဆွေးနွေးခြင်းနှင့် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၀ - ၂၀၃၀) ကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ ပါ သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုးက ဖတ်ကြားတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (၂၀၁၀ - ၂၀၃၀) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေး ကြပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
မင်းတပ်မဲဆန္ဒနယ်မှ ဦးထန်းလိန်းက စီမံကိန်းအကောင် အထည်ဖော်ရန် လုံလောက် သည့် အခွန်ဘဏ္ဍာငွေ ရရှိနိုင်ရန်အတွက် အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာစေရန်နှင့် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာရေးရန် အရေးကြီးပါကြောင်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံလုပ်ငန်းစဉ်အဖြစ် ကျင့်သုံးပြီး အကြီးစား စီးပွားရေးလုပ်ငန်း အဆင့်အထိ တက်လှမ်းနိုင်ရေးအတွက် မျှော်မှန်းရန် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၀ - ၂၀၃၀)၏ အနှစ် ချုပ်မှာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အစပျိုးဆောင်ရွက်ရမည့် စီးပွားရေးပုံသဏ္ဍာန် အသွင် ကူးပြောင်းမှုဆိုင်ရာ အခြေခံသဘောတရားများကို ချမှတ်၍ ဆောင်ရွက်နိုင်ရန် ဖြစ်ပါ ကြောင်း၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ မဟာဗျူဟာဖြစ်သည့် စီးပွားရေး ပုံသဏ္ဍာန် အသွင်ကူးပြောင်းမှု မူဘောင် ဖော်ပြချက်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စိန်ခေါ်ချက်များကို ရှင်းလင်းစွာ ဖော်ပြခဲ့ပါကြောင်း။
အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ ရည်မှန်းချက်မှာ ကမ္ဘာ့အသိုက်အ၀န်း သို့ ၀င်ဆံ့လာမည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံ ဖြစ်ပေါ်ရေးဖြစ်ပါကြောင်း၊ ကာလရှည် ရည်မှန်းချက် နှစ်ရပ်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးဖြစ်ပေါ် ရေးနှင့် ပြည်သူတစ်ရပ်လုံး ရရှိခံစားနိုင်မည့် တိုးတက်မှုဖြစ်ပေါ်စေရေး ဖြစ်ပါကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေး တို့ပါဝင်သည့် အမျိုးသားနိုင်ငံ ထူထောင်ရေးကို ဖော်ညွှန်းထားပါကြောင်း။
ပြည်သူတစ်ရပ်လုံး ရရှိခံစားနိုင်မည့် တိုးတက်မှုနှင့် စီးပွားရေး ပုံသဏ္ဍာန် အသွင်ကူး ပြောင်းမှုများနှင့် ကာလရှည် ရည်မှန်းချက်များ ရရှိစေရန် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူ ဟာ (၇)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုမဟာဗျူဟာ(၇)ရပ်မှာ အစိုးရအဖွဲ့ အစည်းများနှင့် အုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း၊ စီးပွားရေး ပတ်ဝန်းကျင်ကောင်းနှင့် အခြေခိုင်မာသည့် စီးပွားရေးလုပ်ငန်း ဖန်တီးခြင်း၊ ပြည်တွင်း ပြည်ပဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ခြင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကဏ္ဍများကို အားပေးမြှင့်တင်ခြင်း၊ ပြည်တွင်းပြည်ပ စီးပွားရေးအလားအလာကောင်းများ ဖန်တီးပေးခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်းနှင့် ဆင်းရဲမှုလျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ဖြစ်ပါကြောင်း။
ယခုတင်ပြခဲ့သည့် အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၀ - ၂၀၃၀)မှာ အိမ်နီးချင်းနိုင်ငံများ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးမှုစီမံကိန်းများနှင့် အလားသဏ္ဍန်တူသည့် စံသတ်မှတ်ချက်များကို အသုံးပြု၍ အဓိကကျသည့် မဟာဗျူဟာမြောက် အကျိုးကျေးဇူး များကို ဖော်ပြရေးဆွဲထားသည့် မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သည့် အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(၂၀၁၀-၂၀၃၀)ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကို ဇန်န၀ါရီ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment