Monday, January 11, 2016

အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇန်န၀ါရီ ၁၁

ပထမအကြိမ်အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၂ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း(၃)ခု အတည်ပြုခြင်း၊ အစီရင်ခံစာ (၂)ခုတင်သွင်းခြင်း၊ ပြင်ဆင်ချက်ဖြင့် ပြန် လည်ပေးပို့လာသော ဥပဒေကြမ်း(၁)ခု အသိပေးခြင်း၊ အစီရင်ခံစာ(၁)ခု ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဝင်းနောင်၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အလားအလာကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးကံချွန်က နေပြည်တော်တွင် ရာသီဥတုကောင်း မွန်ခြင်း၊ လူနေထူထပ်မှုအသင့်အတင့်ရှိခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု မရှိခြင်း၊ လမ်းပန်းဆက် သွယ်မှုကောင်းမွန်ခြင်း၊ ဟိုတယ်၊ တည်းခိုခန်းများ၊ Shopping Mall များ၊ Restaurant များ ရှိခြင်း၊ ပညာရေး၊ ကျန်းမာရေး ပြည့်စုံခြင်းနှင့် အပန်းဖြေစရာများ ရှိခြင်းတို့ကြောင့် ပြည် တွင်းပြည်ပဧည့်သည်များ လာရောက်လည်ပတ်နေထိုင်ရန် သင့်တော်ပါကြောင်း။

ထို့ပြင် နိုင်ငံတကာအစည်းအဝေးကြီးများနှင့် နိုင်ငံ့ခေါင်းဆောင်များ တည်းခိုနေထိုင်ရေး၊ သွားလာရေး၊ လုံခြုံရေးအတွက် အထူးကောင်းမွန်သည့် နေရာဖြစ်ပါကြောင်း၊ အုပ်ချုပ်မှု ကိစ္စများ တစ်စုတစ်စည်းတည်းရှိခြင်း၊ ဆက်သွယ်ရေးကောင်းမွန်ခြင်း၊ လုံခြုံရေးကောင်း မွန်ခြင်းတို့နှင့် ပြည့်စုံသောမြို့တော်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း သွားလာ ရေး၊ ပို့ဆောင်ရေး ကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝသစ်တောနှင့် သီးနှံများ ထွက်ရှိပါကြောင်း၊ လျှပ်စစ်မီးနှင့် ရေ အထူးကောင်းမွန်သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ၏ လိုအင်ဆန္ဒနှင့်ကိုက်ညီနိုင်မည်ဟု ယူဆပါကြောင်း၊ အဆင့်မီ Grand ACE Villa ကို စီစဉ် ဆောင်ရွက်ထားရှိသဖြင့် သံရုံးများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အဆင်ပြေမှု ရှိကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးမြင့်ထွန်းက ဖားကန့်ဒေသရှိ ငွေစည် ဟိန်းကျောက်မျက်ကုမ္ပဏီပိုင် လုပ်ကွက်အတွင်းမှ တူးဖော်ရရှိခဲ့သော အချင်းဖြစ် ကျောက်အား နိုင်ငံတော် (သို့မဟုတ်) တွင်းပိုင်ရှင် (သို့မဟုတ်) အခွန်ပေးဆောင်ထား သူတို့အနက် မည်သူပိုင်ဆိုင်သင့်သည်ကို ဆုံးဖြတ်ဆောင်ရွက်ရန်အတွက် အစိုးရအဖွဲ့ သက်ဆိုင်ရာ တရားရုံးသို့ အမှုဖွင့်လွှဲပြောင်းပေးရန် သင့်၊ မသင့်၊ မသင့်ပါက မည်သည့် အတွက်ကြောင့် လွှဲပြောင်းပေးရန် မသင့်ကြောင်းနှင့် ကော်မတီ၏ လေ့လာတွေ့ရှိချက်အရ အချင်းဖြစ်ကျောက်အား ၀န်ကြီးဌာနက သိမ်းဆည်းထားသည်မှာ ၂ နှစ်ကျော်ခန့်ရှိနေပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း ယင်းအမှုကို တစ်နှစ်ကျော်ကြာ ပညာရှင်များဖြင့် စစ်ဆေး၍ အစီရင်ခံခဲ့ပြီးဖြစ်ရာ သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ယခုလွှတ်တော်သက်တမ်းအတွင်း ပွင့်လင်းမြင်သာစွာ ဆုံးဖြတ်ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အငြင်းပွား ကျောက်စိမ်းအရိုင်းတုံးသည် ကန့်သတ်တားမြစ်ထားသည့် ကာလအတွင်း တရားမ၀င် တူးဖော်ရယူခဲ့ခြင်းဖြစ်၍ စည်းကမ်းပျက် ကျောက်အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်ကသာ စီမံ ခန့်ခွဲရမည့် ကျောက်စိမ်းအရိုင်းတုံး ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊

လက်ရှိအခြေအနေအရ အငြင်းပွားကျောက်စိမ်းအရိုင်းတုံးတွေ့ရှိသူ အဓိကသက် သေ ဦးလတောင်နှင့် ဦးလတောင်ကဲ့သို့ တိကျခိုင်မာသည့် သက်သေခံချက်ပေးနိုင်သူ သို့မဟုတ် ငွေစည်ဟိန်း ကုမ္ပဏီက တင်ပြလာသည့် အသံဖိုင်နှင့်ပတ်သက်၍ ကိုယ်တိုင်ပါ ၀င် ပြောဆိုခဲ့သူနှင့် ၎င်းအချိန်တွင် အတူရှိနေသူများ၏ ထောက်ခံထွက်ဆိုချက်များရရှိပြီး စစ်ဆေးဖော်ထုတ်ချက်အရ မှန်ကန်ကြောင်း အတည်ပြုနိုင်မည်ဆိုပါက သတ္တုတွင်းဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်နှင့်အကျိုးတူဖက်စပ်ကုမ္ပဏီတို့၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပွင့်လင်းမြင်သာစွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အငြင်းပွား ကျောက်စိမ်းအရိုင်းတုံးနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းပြီး သက်သေများအား အသေးစိတ်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ လုပ်ကွက် အသီးသီးသို့ သွားရောက် စစ်ဆေးခြင်းနှင့် စာရွက်စာတမ်းအထောက်အထားနှင့် ဓာတ်ပုံ မှတ်တမ်းများ စုစည်းလေ့လာခြင်းနှင့် အဓိကသက်သေ၏ ထွက်ဆိုချက်အား ရရှိအောင် ဆောင်ရွက်သကဲ့သို့ သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း အနေဖြင့်လည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ၂၀၁၅ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကြမ်း၊ အခကြေးငွေပေးရေးဥပဒေကြမ်းတို့ နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း တို့ နှင့်စပ်လျဉ်းသည့် အစီရင်ခံစာများကို ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထား သော မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အား ပြည်သူ့လွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်ပတ်သက်၍ လွှတ်တော်သို့ အသိပေး ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်သူ့ငွေစာရင်းကော်မတီ၏ ပထမအကြိမ်အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ကာလများအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးစံပြည့်က ဆွေးနွေးပြီး ယင်းအစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။  

No comments:

Post a Comment