Sunday, January 24, 2016

၂၀၁၆ ခုနှစ်မှနေ၍ မမ၏၀န်ဆောင်မှုလုပ်ငန်း ပိုမိုစနစ်ကျနဖို့ဆိုရင်



 မြန်မာနိုင်ငံတွင် ပထမဦးဆုံးသောမီးရထားကို ကိုလိုနီခေတ် ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ဗ-ဝ၁ ရေနွေးငွေ့ စက်ခေါင်းဖြင့် ရန်ကုန်-ပြည် ရထားလမ်းပိုင်းမှ စတင်ပြေးဆွဲခဲ့သည့် မြန်မာ့မီးရထားလုပ်ငန်းသည် ယခုအခါ နိုင်ငံတစ်ဝန်း ခရီးမိုင်ပေါင်း ၃၇၉၅ ဒသမ ၃၃ မိုင်၊ ဘူတာရုံပေါင်း ၉၆ဝ၊ ရထားအစင်းပေါင်း ၄ဝ၉ စင်းဖြင့် လည်ပတ်လျက်သည်။


မီးရထားအစင်းပေါင်း ၄ဝ၉ စင်းတွင် အမြန်ရထား အစင်း ၄ဝ၊ လူစီး/ကုန်တင်ရထား ၆၄ စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၂၁၅ စင်း၊ စာပို့ရထား ၆၆ စင်းနှင့် ခရီးတိုပြေးဆွဲသည့်ရထား ၂၄ စင်းတို့ဖြင့် နေ့စဉ် ခရီးသည်နှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

ထိုကဲ့သို့ ဝန်ဆောင်မှုပေးလျက်ရှိသော်လည်း ပြောင်းလဲလာသော ယနေ့ခေတ်ကာလတွင် သက်တမ်း ကြာမြင့်နေပြီ ဖြစ်သည့် မီးရထားစက်ခေါင်းတွဲများ ဆက်လက်အသုံးပြုနေရသေးခြင်း၊ မီးရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် အဆင့်မြင့်ရထားတွဲသစ်များ အစားထိုးလဲလှယ်ခြင်းများ လိုအပ်နေသေးခြင်းတို့ကြောင့် နိုင်ငံတကာရှိ ရထားစနစ် များနှင့်ယှဉ်လျှင် များစွာကွာခြားလွန်းနေသဖြင့် နေ့စဉ်ရထားစီး ပြည်သူများ အခက်အခဲများ ကြုံတွေ့နေရသည်ဟု စာစောင်တချို့တို့တွင် ဖတ်ရှုနေရသည့်အတွက် ယခု ၂ဝ၁၆ ခုနှစ် နှစ်သစ်မှစပြီး ခရီးသည်များ မည်သို့ သွားလာ နေကြသည်ကို သိလို၍ ခရီးသည်များနှင့် မီးရထားတာဝန်ရှိသူတို့ထံ သွားရောက်ပြီး စေ့ငုလေ့လာ ကြည့်မိသည်။
ထို့ကြောင့် နေ့စဉ်ပြေးဆွဲသည့် ရထားပေါ်တွင် စီးနင်းလိုက်ပါကြသည့် ခရီးသွားပြည်သူတချို့၏ တွေ့ကြုံရမှု အခြေအနေများနှင့် ၎င်းတို့၏အမြင်များ ကို မေးမြန်းကြည့်မိရာတွင် မန္တလေးသို့ ရထားဖြင့် မကြာခဏသွားနေသည့် နေပြည်တော်မှ တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာသိန်းမြင့်က ''ကျွန်တော်က မန္တလေးမှာ ဆေးခန်းဖွင့် ထားတာဆိုတော့ နေပြည်တော်နဲ့ မန္တလေးကို နှစ်ပတ်တစ်ကြိမ်၊ သုံးပတ်တစ်ကြိမ်လောက် အသွားအပြန် ရထားစီးသွားရတာ စိတ်ချမ်းသာတယ်။ အရင်က ဘူတာတွေမှာဆို သန့်ရှင်းမှုမရှိတာတွေ၊ ခုံမလောက်လို့ ကြုံသလိုထိုင်ခဲ့ ရပါတယ်။ အခုအထက်တန်းတွဲတွေမှာ ရေသန့်ဘူးတွေ ဝေငှပေးတာတောင် ရှိလာပြီ။ မီးရထား အနေနဲ့ ဒီထက်ပိုပြီး ဝန်ဆောင်မှုပေးနိုင်ရင် ခရီးသည်တွေ အခုထက်ပိုပြီး စီးနင်းလာမယ်။ နောက်ပြီး ရထား အချိန်လေးတွေ သတ်မှတ်တဲ့အတိုင်း မှန်လာအောင် ရထားတာဝန်ရှိသူတွေအနေနဲ့ ပြုလုပ်ပေးနိုင်ရင် ရထား ခရီးစဉ်က ပြည်သူတွေအားထားတဲ့ခရီးစဉ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ ဦးမျိုးမြင့်က ''ကားနဲ့သွားရင် ကျန်းမာရေးသွားရတာကအစ အခက် အခဲရှိလို့ ရထားနဲ့ခရီးသွားရတာက ကျွန်တော်တို့ အတွက် ပိုပြီးအဆင်ပြေတယ်။ ပြောချင်တာတစ်ခုက ရထားပေါ်မှာ ဈေးရောင်းတဲ့ ဈေးသည်တွေနဲ့ ပတ်သက် ပြီး အရက်ပဲဖြစ်ဖြစ်၊ ဘီယာပဲဖြစ်ဖြစ် ရောင်းလို့ သောက်ကြတာရှိသလို သောက်လို့ ရောင်းကြတာတွေ လည်း ရှိတယ်။ ဖြစ်နိုင်ရင်တော့ ရထားတွေပေါ်မှာ မရောင်းတာ အကောင်းဆုံးပါပဲ။ တချို့သူတွေကျတော့ သောက်စားပြီး လွတ်ကုန်တာတွေ အများကြီးရှိတယ်။ သောက်ပြီးရင် အေးအေး ဆေးဆေးနေရင် ပြဿနာမရှိပေမယ့် မူးယစ်နေရင် တခြားခရီးသည်တွေအတွက် အနှောင့်အယှက်ဖြစ်စေတယ်။ ထမင်းရောင်းတာလောက်က ခရီးသည်တွေအတွက် လတ်တလော ဆာလောင်မှု ကို ဖြေရှင်းလို့ရသေးတယ်။ ရထားပေါ်မှာ အများပြည်သူတွေ သွားနေတာဆိုတော့ အရက်သောက်ပြီးမှ ရထားစီးတဲ့သူတွေရှိရင်လည်း သိပ် အဆင်မပြေနိုင်ဘူး။ မူးနေရင် သူ့အတွက်လည်း အန္တရာယ်ရှိသလို သူတို့ရဲ့နေထိုင်ပြုမူ ပုံတွေကြောင့် တခြား လူတွေကို အနှောင့် အယှက်တော့ ဖြစ်စေနိုင်ပါတယ်'' ဟု သူ့အမြင်ကို ပြောသည်။

ရထားတာဝန်ရှိသူတွေက ခရီးသည်များ အဆင်မပြေရင် တိုင်ကြားနိုင်ကြောင်း ကြေညာထားသော်လည်း အမှန်တကယ်အရေးယူရာတွင် အားနည်းနေသေး ကြောင်းကို ရန်ကုန်-မန္တလေးရထားစဉ်တွင် လိုက်ပါသူ တစ်ဦးက ''မန္တလေးရထားလက်မှတ် ဝယ်ယူတဲ့အခါ လက်မှတ်ရောင်းတဲ့သူတွေက ထိုင်ခုံမရှိတော့ဘူးလို့ ပြောတယ်။ ရထားပေါ်ကြည့်လိုက်ရင် ခရီးသည် အပြည့် မရှိဘူး။ ခရီးသည်တွေက မဖြစ်မနေ ခရီးသွားကြတာ ဆိုတော့ ခုံမရလည်း အဆင်ပြေသလို စီးမယ်ဆိုပြီး လက်မှတ်ပဲဝယ်လိုက်ရတယ်။ ရထားတာဝန်ရှိသူတွေက ခရီးသည် တွေအတွက် အဆင်မပြေရင် တိုင်ကြားနိုင်တယ်လို့ ကြေညာထားပေမယ့် တကယ်ဆက်သွယ်တဲ့အခါ အကြာင်း အမျိုးမျိုးကြောင့် အဆင်မပြေတာ တွေ့ရတယ်။ ခရီးသည်တွေ အဆင်ပြေအောင် လက်မှတ်ထိုင်ခုံရောင်းချမှုတွေကို မှန်မှန်ကန်ကန်နဲ့ ဝန်ဆောင်မှုပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြချင်ပါတယ်'' ဟု ပြောသည်။

မြန်မာ့မီးရထားမှ လက်ရှိရထားများအား အဆင့်မြှင့်တင် ဆောင်ရွက်ပြီး ပုံမှန်ပြေးဆွဲနေမှုအခြေအနေများ နှင့် ရထားပေါ်နှင့် ဘူတာနေရာများတွင် မသင့်လျော်သည့် အရက်၊ ဘီယာနှင့် ကွမ်း၊ ဆေးလိပ်များ ရောင်းချမှုများအပေါ် မည်ကဲ့သို့ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသို့ သွားရောက် မေးမြန်းခဲ့ပြန်သည်။

မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(ခရီးသည်) ဦးအောင်မြင့်လှိုင်က ''ရန်ကုန်-မန္တလေးပြေးဆွဲတဲ့ လမ်းပိုင်းမှာ ဆိုရင် သက်ဆိုင်ရာရပ်တဲ့ ဘူတာအားလုံးကို ထိုင်ခုံခွဲတမ်းလေးတွေ ပေးရပါတယ်။ ရန်ကုန်ဘူတာမှ စထွက်တဲ့ ၁၁ အဆန်၊ ၁၂ အစုန် ရထားဆိုရင် လမ်းမှာ ၂၁ ဘူတာရပ်တဲ့အတွက် တွဲအားလုံးကို ရန်ကုန် ဘူတာတင် ရောင်းလို့မရဘူး။ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ ပြွန်တန်ဆာ စသဖြင့် နေရာလေးတွေမှာ ရပ်ပေးဖို့ ချန်ပေးထားရတယ်။ ဒိုက်ဦး ခွဲတမ်းနေရာ ခုံခွဲတမ်းပေး ထားတယ်ဆိုရင် ရန်ကုန်ကနေ ဒိုက်ဦးသွားမယ့်ခရီး သည်က ပြဿနာမရှိဘူး။ အဲဒီနေရာကို ရောင်းပေး လို့ရတယ်။ အကယ်၍ အဲဒီနေရာတွေမှာ ခရီးသွားမယ့် သူမရှိဘူးဆိုရင် အဲဒီနေရာလွတ်သွားပါတယ်။ ပတ်ဝန်းကျင်ခရီးသည်အမြင်မှာတော့ မီးရထားထိုင်ခုံ နေရာ အလွတ်နေရာတွေ ပေါ်သွားနေတယ်လို့ပဲ မြင်မှာပါ။ တကယ်တမ်းကျတော့ လမ်းတွေအားလုံးအတွက် နေရာ ခွဲတမ်းပေးရတာဖြစ်ပါတယ်'' ဟု ရထားပေါ် နေရာလွတ်များ ကျန်ရှိမှုနှင့်ပတ်သက်ပြီး ပြောသည်။

ရထားစီးခရီးသည်တွေ အပိုကြေးငွေဆောင်ရမှုပတ်သက်၍ သက်ဆိုင်ရာ ဘူတာများတွင် ခရီးသည်တွေ လက်မှတ်ခ အတိအကျပေးပါ။ အပိုကြေးပေးဆောင်ရရင် တိုင်ကြားပါ စသည်ဖြင့် ဆိုင်းဘုတ်များကပ်ထားသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လက်မှတ်ဝယ်ယူပြီးသူများ အနေဖြင့်လည်း ပိုငွေပြန်အမ်းသည့် ငွေပမာဏ မှန်/မမှန် ပြန်စစ်ခိုင်းပြီး မှားနေလျှင် ချက်ချင်း ပြန်ပြင် ရေးခိုင်းပြီး တောင်းယူနိုင်ကြောင်း၊ ခရီးသည်တွေ ကျေနပ်မှုမရှိကလည်း ကြေညာပေးထားသည့် တိုင်းမန်နေဂျာ ဖုန်းနံပါတ်များနှင့် ရုံးချုပ်ဖုန်းနံပါတ်များကို ဆက်သွယ်အကြောင်းကြား နိုင်ကြောင်း သိရသည်။

ခရီးသည်တွေ လိုက်ပါစီးနင်းသည့် ရထားပေါ်နှင့် ဘူတာနေရာများတွင် အရက်၊ ဘီယာ၊ ကွမ်းယာ မရောင်းဖို့ တရားဝင်ညွှန်ကြားထားပြီးဖြစ်သလို့ ရောင်းချမှုတွေရှိက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

''လမ်းခရီးမှာတော့ ဈေးသည်လေးတွေ တက်ရောင်းတာ ရှိကောင်းရှိနိုင်ပါတယ်။ လက်မှတ်စစ်နဲ့ လွတ်တဲ့ တချို့မြို့ရွာလေးတွေမှာ လမ်းဘေးဈေးသည်တွေ ဈေးတက်ရောင်းကြတာတော့ ရှိပါတယ်။ ဈေး တက်ရောင်း လို့တွေ့ရင် ဒဏ်ရိုက်တဲ့စာရင်းတွေလည်း ကျွန်တော်တို့ဆီ ရှိပါတယ်။ များသောအားဖြင့်ကတော့ ဈေးသည် တချို့က တစ်နေ့တာ စားဝတ်နေ ရေးကို ဖြေရှင်းနေကြတဲ့ ထမင်း၊ ဟင်းလေးတွေ ရောင်း တာရှိတယ်။ သို့သော် အဲဒီထဲ ခရီးသည်အမြင်မှာ အရက်၊ ဘီယာ ရောင်းချတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း အမြဲစစ်ဆေးကြပ်မတ်နေပါတယ်။ တိုင်းအလိုက် လစဉ်ဈေးသည် ဘယ်လောက်ဖမ်းဆီး ထားတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်'' ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်သူတွေအဆင်ပြေစွာ သွားလာနိုင်စေရန် ရထားများ အဆင့်မြှင့်တင်ပေးထားကြောင်း၊ တွဲသစ်များ လဲလှယ် ဆောင်ရွက်ပေးထားကြောင်း၊ ရန်ကုန်- မန္တလေးလမ်းပိုင်းရှိ ရထားများကို ပြီးခဲ့သည့် နှစ်စက တွဲသစ်များ လဲလှယ်ပေးထားသကဲ့သို့ ပြည်ရထား၊ မော်လမြိုင်ရထားများကိုလည်း လဲလှယ်ပေးထား ကြောင်း၊ မြို့ပတ်ရထား များတွင် တွဲဆိုင်းသစ်များ အသစ်ထည့်ထားကြောင်း၊ အလားတူ ခရီးသည်တွေ သက်သာချောင်ချိစွာနှင့် ပိုမိုစီးနင်းနိုင်ရေးအတွက် အဲကွန်းအတွဲ ခြောက်ဆိုင်းကနေ အခုနှစ်ဆိုင်း အထိထားပြီး လေးဆိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကတည်းကစပြီး လက်မှတ်ခများပြန်ချပေးမှုတွေ ပြုလုပ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်မတန်းနိုင်သေးတောင် ယခု ထက် ပိုမိုအဆင်ပြေအောင်ဖြေရှင်းပေးနိုင်လျှင် မီးရထား၏ ဝန်ဆောင်မှုကဏ္ဍသည် အဓိကကျလာမည်မှာ မလွဲမသွေဖြစ် လာမည်ဟု မျှော်တွေးမိပါသည်။

သတင်းဆောင်းပါး
တင်မောင်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မောင်မွှေး

No comments:

Post a Comment