''စာရေးတဲ့အခါ
ရှောင်သင့်တဲ့ အပြစ်ဒေါသတွေအကြောင်း ဦးလေး ရှင်းပြနေတာမပြီးသေးဘူး မဟုတ်လား''
''အေးလေ...ဟိုအပတ်တွေတုန်းက မင်းက ပြဿနာကလေး တစ်ခုကြားဖောက်ပြောတာရော၊ ငါ့သူငယ်ချင်းလာဆွေးနွေးတာရောနဲ့
ပြောလက်စ စကားအဆက်ပြတ်သွားတာပေါ့။ နည်းနည်းပဲကျန်ပါတော့ တယ်။ ကိုင်း...အလင်္ကာစာအုပ်တွေယူလိုက်''
''ဟုတ်ကဲ့ပါ''
''ဝါကျရဲ့ အနက်အဓိပ္ပာယ်နဲ့ပတ်သက်ပြီး သင့်တတ်တဲ့ ဒေါသတွေ ပြောနေတာ၊ တစ်ခုက'ဝါကျစကားရိုင်းအပြစ်'
လို့ဆိုရမယ်ထင်တယ်''
''ဦးလေး ကမ္မဒေါသအကြောင်းအရင်က ရှင်းဖူးတယ်ထင်တယ်''
''ဟုတ်တယ်လေ။ အရင်ပြောတာက
စကားတစ်လုံး၊ ပုဒ်တစ်ခုမှာ စကားရိုင်းသုံးတဲ့အပြစ် အခုပြောမှာက ဝါကျတစ်ခုလုံးရဲ့အနက်နဲ့
ပတ်သက်တဲ့စကားရိုင်းအပြစ်...တဲ့''
''ပြောပြပါဦးလေး''
'' ဝါကျတစ်ခုဟာ
ရိုးရိုးအနက်လည်းရတယ်။ ရိုင်းတဲ့အနက်လည်းရ တယ်။ အဲဒီလိုရိုင်းတဲ့အနက်ပါထွက်နေတယ်ဆိုရင်
အဲဒီအပြစ်သင့်တယ် လို့ အလင်္ကာကျမ်းတွေမှာ ပြထားတယ်ကွဲ့''
''ဟုတ်ကဲ့ပါ''
''သတိရတာတစ်ခုပြောမယ်။ မင်းတုန်းမင်းလက်ထက်တုန်းက ဗန်းမော် ဆရာတော်က တခြားဆရာတော်ကြီးတစ်ပါးကို
စာချိုးတယ်တဲ့။ အဲဒီ ကဗျာထဲမှာ 'ဦးရွှေညို သီလချောရယ်နဲ့ တောခိုတဲ့ချောင်' ဆိုတာပါ
တယ်''
''အဓိပ္ပာယ်က ဘာပါလဲ
ဦးလေး''
''ဦးရွှေညိုဆိုတာက
အဲဒီ ဆရာတော်ကြီးကို ရင်းရင်းနှီးနှီးခေါ်တဲ့ စကားပေါ့။ ရိုးရိုးအဓိပ္ပာယ်ကောက်ရင် ဦးရွှေညိုဟာ
တရားအားထုတ်တဲ့ ချောင်မှာ အကျင့်သီလ ချောချောမွေ့မွေ့နဲ့ သီတင်းသုံးနေတယ်ပေါ့။ ဒါပေမယ့်...''
''ဟုတ်ကဲ့၊ ဒါပေမယ့်ဘာဖြစ်သလဲ
ဦးလေး''
''ဒါပေမယ့် ဦးရွှေညိုဟာ
ချောင်မှာသီလရှင်ချောချောကလေးတွေ နဲ့ ခိုအောင်းနေတယ်လို့လည်း အဓိပ္ပာယ်ကောက်နိုင်တာပေါ့၊
အဲဒီလို ရိုင်းတဲ့အနက်ထွက်နေတဲ့အတွက် စကားရိုင်းအပြစ်သင့်တာပေါ့ကွယ်''
''နားလည်ပါပြီ ဦးလေး''
''နောက်အပြစ်တစ်ခုက
'အလင်္ကာဖျက်အပြစ်'တဲ့။ ဒုဋ္ဌာလင်္ကတိဒေါသ လို့ခေါ်တယ်။ ဒုဋ္ဌာလင်္ကာရဒေါသလို့လည်းခေါ်တယ်''
''ဟုတ်ကဲ့ပါ''
''အလင်္ကာပန်းကုံးမှာ
'လမင်း၌ ယုန်တံဆိပ်သည် ပိတုန်းကောင်နှင့် တူ၏' ဆိုတဲ့ ဥပမာအလင်္ကာကိုပြတယ်။ အဲဒီအလင်္ကာမှာ
ယုန်ရုပ်ရှိတဲ့ လမင်းကိုပြပေမယ့် ပိတုန်းကောင်ရှိတဲ့ကြာပန်းကိုမပြတော့ မပြည့်စုံဘူး
တဲ့။ ဆိုလိုတာက ''လမင်း၌တည်ရှိသော ယုန်တံဆိပ်သည် ကြာပန်း၌တည်ရှိ သော ပိတုန်းကောင်နှင့်တူ၏''
လို့ ခိုင်းနှိုင်းရင် ခိုင်းနှိုင်းတဲ့နှစ်ခုစလုံးမှာ တည်ရှိတဲ့နေရာရော တည်သူရော ပြည့်ပြည့်စုံစုံပါတာပေါ့။
အခုတော့ ယုန်ရုပ် တည်ရှိတဲ့လပဲပါပြီး ပိတုန်းတည်ရှိတဲ့ ကြာပန်းမပါတဲ့အတွက် ဥပမာအင်္ဂါမစုံ
ဘူး။ ဒါကြောင့် ဒေါသသင့်တယ်လို့ဆိုလိုတာပါ''
''ဟုတ်ကဲ့...''
''ရှင်းရဲ့လား။ ဆိုပါတော့ကွာ။ မိန်းကလေးတစ်ယောက်ရဲ့အလှကို နတ်သမီးကလေးနဲ့ဥပမာနှိုင်းမယ်ဆိုရင်
'ဤမိန်းမပျိုသည် ဘုံဗိမာန်ထက်က နတ်သမီးကလေးကဲ့သို့လှပ၏' လို့ ခိုင်းနှိုင်းရင် တစ်ခုခုလိုမနေဘူးလား''
''ဟုတ်ကဲ့၊ မိန်းမပျိုနေတဲ့နေရာလိုနေမယ်ထင်တယ်''
''ဒါပေါ့။ ခမ်းနားသောတိုက်ကြီးပေါ်က
'ဤမိန်းမပျိုသည် ဘုံဗိမာန် ထက်က နတ်သမီးကလေးကဲ့သို့လှပ၏' လို့ဆိုမှ နှစ်ဖက်မျှပြီး
ဒေါသလည်း မသင့်တော့ဘူးပေါ့ကွာ''
''နားလည်ပါပြီ
ဦးလေး''
''ဆရာကြီး ဝဇီရဗုဒ္ဓိဦးဖိုးစိန်ကတော့
'ဥပမာလွန်အပြစ်' ရယ် 'ဥပမာ ယုတ်အပြစ်' ရယ် ထပ်ထည့်ထားသေးတယ်''
''ဥပမာလွန်အပြစ်ဆိုတာ
ဘယ်လိုအပြစ်လဲ ဦးလေး''
''အနှိုင်းခံရသူနဲ့
မတန်လောက်အောင် လွန်လွန်ကဲကဲဥပမာပေးတာမျိုး ပေါ့''
''ဟုတ်ကဲ့''
''ဆရာကြီးကတော့ 'ပိုးစုန်းကြူးသည် နေကဲ့သို့ ထွန်းပ၏' လို့ သာဓက ပြတယ်။ အနှိုင်းရဲ့ဂုဏ်က
မြင့်လွန်းနေတာပေါ့''
''ဥပမာယုတ် အပြစ်ကရော ဦးလေး''
''ဥပမာ လွန်အပြစ်နဲ့
ဆန့်ကျင်ဘက်ပေါ့ကွယ်။ အနှိုင်းခံရသူထက် အများကြီး နိမ့်ကျတဲ့ဟာနဲ့ ဥပမာပေးတာပေါ့''
''ဟုတ်ကဲ့''
''ဆရာကြီးဦးဖိုးစိန်ပေးတဲ့သာဓကက ''သူခစားသည် သခင်ကို ခွေးကဲ့သို့ ခစားလေ၏'' တဲ့။
''ခွေးနဲ့ ဥပမာပေးတော့ ဂုဏ်နိမ့်သွားတာပေါ့''
''ဟုတ်ကဲ့''
''ဦးပုညက စိပ်ပုတီးလည်ပင်းဆွဲပြီး
သစ်နက်ကို ခြုံထားတဲ့ ရသေ့ ကြီးတွေကို 'ခလောက်ကျွဲမှာ ဆင်သို့' လို့ ဥပမာပေးတယ်။ ကျွဲကြီးကို
ခလောက်ဆွဲထားသလိုလို့ ဥပမာပေးတော့ ရသေ့ရဲ့ ဂုဏ်နိမ့်သွားတယ် မဟုတ်လား။ ဒီတော့ ဥပမာယုတ်အပြစ်သင့်တာပေါ့ကွယ်''
''နားလည်ပါပြီ
ဦးလေး''
''ဆရာကြီး ဦးဖိုးစိန်က
'အကြောင်းအကျိုးပြောင်းပြန်အပြစ်' ဆိုတာ လည်း ထည့်ထားတယ်။ 'ထိုနေ့ကား မိုးမရွာသောကြောင့်
ကောင်းကင် ၌ မိုးသားတိမ်ခြေကင်းစင်လျက်ရှိပေ၏' ဆိုတဲ့သာဓကကိုပြတယ်''
''ဟုတ်ကဲ့''
''အဲဒီဝါကျဟာ အကြောင်းနဲ့ အကျိုးပြောင်းပြန်ဖြစ်နေတယ်တဲ့။ မိုးသားတိမ်တိုက်တက်လို့သာ
မိုးရွာတာမို့ မိုးသားတိမ်တိုက်တက်တာက အကြောင်း၊ မိုးရွာတာက အကျိုးပေါ့။ ဒီတော့ 'ထိုနေ့ကား
ကောင်းကင်၌ မိုးသားတိမ်ခြေကင်းစင်လျက်ရှိသောကြောင့် မိုးရွာခြင်းမှ ကင်းလွတ် သော နေ့ဖြစ်လေသည်'
လို့ ရေးမှအကြောင်းနဲ့အကျိုး အဆက်အစပ် မှန်တယ်လို့ ရှင်းပြထားတယ်''
''ဟုတ်ကဲ့ပါ''
''တစ်ခါတစ်ခါ အကြောင်းနဲ့အကျိုးကို ပြောင်းပြန်ပြောတတ်ကြ တာ မျိုးရှိတယ်။ 'စာမေးပွဲအောင်လို့
ပညာထူးချွန်တယ်' လို့ ပြောတာ မျိုးပေါ့။ တကယ်တော့ ''ပညာထူးချွန်လို့ စာမေးပွဲအောင်တယ်လို့
ပြောမှ အကြောင်းနဲ့ အကျိုးဆက်စပ်မှာလေ''
''ဟုတ်ကဲ့ပါ''
''တစ်ခုတော့ ရှိတာပေါ့။ အကျိုးကို အရင်ပြောပြီး အကြောင်းကို 'ဘာကြောင့်' ဆိုပြီး နောက်မှပြောတာမျိုးလည်း
ရှိပါတယ်။ 'စာမေးပွဲ အောင်တာ စာကြိုးစားလို့' ဆိုရင်တော့ အကျိုးကို အရင်ပြောပြီး အကြောင်း
ပြချက်ကို နောက်မှပြောတာမျိုးပေါ့။ ဒီလိုပြောလို့လည်း ရပါတယ်။ အကြောင်းနဲ့အကျိုး နေရာမှားပြီး
ပြောင်းပြန်ဖြစ်ရင်တော့ အပြစ်ဖြစ် တာပေါ့''
''ဟုတ်ကဲ့ပါ''
''ဆရာကြီးက ဝါကျစပ်သဒ္ဒါနည်းအပြစ်ဆိုတာလည်း ပြတယ်။ သဒ္ဒါ မှားတဲ့အပြစ်ပေါ့။ မကြာခဏပြောဖူးတဲ့
'မှ' နဲ့ 'က' မှားတာတို့ ၊ 'အား' နဲ့ 'ကို' မှားတာတို့လည်း ဒီအပြစ်ထဲမှာ အကျုံးဝင်တာပေါ့။
ကိုင်း...ငါ့တူရေ ခုလောက်ဆိုရင်တော့ အလင်္ကာကျမ်းထဲက ရှောင်စရာ ဒေါသ တွေအကြောင်း ပြည့်စုံလောက်ပါပြီနော်''
''ခုလို စိတ်ရှည်လက်ရှည် ရှင်းပြတဲ့အတွက် အများကြီးကျေးဇူးတင် ပါတယ် ဦးလေး''
မောင်ခင်မင်(ဓနုဖြူ)

No comments:
Post a Comment