Monday, January 25, 2016

မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော် နေပြည်တော်သို့ ဒေသစာရီကြွချီ အပူဇော်ခံ





နေပြည်တော် ဇန်နဝါရီ ၂၅
အိန္ဒိယနိုင်ငံ လဒတ်ပြည်နယ် လိမြို့ ဟမ်းမစ်ကျောင်းတော်မှ မြန်မာနိုင်ငံသို့ ဒေသစာရီကြွချီလာသော မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော်သည် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင်  ကိန်းဝပ်စံပယ်အပူဇော်ခံပြီး ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီတွင် မန္တလေးမြို့မှ နေပြည်တော်သို့ ဆက်လက်အပူဇော်ခံကြွချီသည်။

နေပြည်တော်သို့ ကြွချီလာသော မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော်သည်  နံနက် ၁၀ နာရီတွင် မိတ္ထီလာမြို့ ဆုတောင်းပြည့်သာသနာ့ဗိမာန်၌ ခေတ္တကိန်းဝပ်စံပယ် အပူဇော်ခံရပ်နားပြီး ဆက်လက်ကြွချီရာ နေပြည်တော်သို့ မွန်းလွဲ ၂ နာရီခွဲတွင် ရောက် ရှိသည်။
ယင်းနောက် မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော်သည် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်းရှိ အရှေ့ဘက်မုခ် ယာယီစံကျောင်းတော် ၌ ကိန်းဝပ်စံပယ်တော်မူသည်။
ထိုကဲ့သို့ မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော်အား မော်တော်ယာဉ်များဖြင့် နေပြည်တော်သို့ ပင့်ဆောင်စဉ် လမ်းဘေးဝဲယာတစ်လျှောက်မှ ဗုဒ္ဓဘာသာဝင် သူတော်စင်များ လာရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြ သည်။
မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော်သည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၌ တစ်ညတာ ကိန်းဝပ်စံပယ်အပူဇော်ခံမည်ဖြစ်ရာ ရောက်ရှိချိန်မှစ၍ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
“အခုဓာတ်တော်က အနှစ်နှစ်ထောင်ကျော်ရှိသွားပြီဖြစ်ပါတယ်။ လဒတ် ပြည်နယ်မှာရှိတဲ့ မြတ်စွာဘုးရားရဲ့ ဓာတ်တော် ၄ ဆူထဲက အထွဋ်မြတ်ဆုံးဓာတ်တော် ဖြစ်ပါတယ်။ ကျန်တဲ့ အရိုးဓာတ်တော် ၃ ခုက  အခု ဓာတ်တော်ထက် ငယ်ပါတယ်။
လဒတ်ပြည်နယ်မှာ ဘုန်းတော်ကြီးကျောင်း ၂၀၀ ကျော်နဲ့ နီပေါမှာ ၁၀၀ ကျော်ရှိပါတယ်။ ဓာတ်တော်တွေရဲ့လုံခြုံရေးအတွက် ဓာတ်တော်တွေဟာ တစ်ကျောင်း ပြီးတစ်ကျောင်း ကိန်းဝပ်စံပယ်ပါတယ်။ အခုဓာတ်တော်ဟာ လဒတ်ပြည်နယ်ကနေ ပထမဆုံးအကြိမ် ပင့်ဆောင်ခွင့် ပြုချိန်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်မှာပဲ ကြွချီ တာဖြစ်တဲ့အတွက် ပိုပြီးကံထူးတယ်လို့ ခံစားရပါတယ်။
၂၇ ရက်နေ့မှာ ဓာတ်တော်ကို ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်ပါမယ်။ ပြီးရင် ဆီမီး ၁၀၀၀ ပူဇော်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကြီး ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်”ဟု မြတ်စွာဘုးရား၏ ဓာတ်တော်ပင့်ဆောင်ရေးအဖွဲ့ဝင် မစ္စတာ မက်ပတေးက ပြောသည်။
မြတ်စွာဘုရားရှင်၏ အရိုးဓာတ်တော်သည် ဇန်နဝါရီ ၂၆ ရက်တွင် တောင်ငူ မြို့နှင့် အုတ်ဖိုမြို့သို့ ဆက်လက်ကြွချီမည်ဖြစ်ပြီး တောင်ငူမြို့တွင် ခေတ္တအပူဇော်ခံ ရပ်နားမည်ဖြစ်ကာ အုတ်ဖိုမြို့နယ် ဥတိုမြို့သစ်ရှိ အောင်ချမ်းသာဘုရားဝင်း၌ ညအိပ် ရပ်နား ကိန်းဝပ်စံပယ် အပူဇော်ခံမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဇန်နဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့သို့ ဆက်လက်ကြွချီမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၂၈ ရက်အထိ  ၂ ညတာ ကိန်းဝပ်စံပယ် အပူဇော်ခံမည် ဖြစ်သည်။ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည် ကြွချီတော်မူမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment