ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ(၁၂)နာရီခွဲတွင်ကျင်းပရာ
ကျေးရွာနှင့် မြို့များတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းကို မှတ်တမ်းတင်ခြင်း၊ အစီရင်
ခံစာတစ်ခု ဖတ်ကြားခြင်းနှင့် ဒုတိယ ကာလတို(၅)နှစ်စီမံကိန်း နှင့်စပ်လျဉ်း၍ ဆွေးနွေး
မှတ်တမ်း တင်ခြင်း တို့ကို ဆောင်ရွက်ကြ သည်။
အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သည့် မွန်ပြည်နယ်အတွင်း ကျေးရွာ (၅)ရွာ တိုးချဲ့ဖွဲ့စည်းခြင်း၊
ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၁၂ ရွာ နယ်နိမိတ် ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်
ရခိုင်ပြည်နယ် မောင်တော ခရိုင် မောင်တောမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်ပါဝင်သော ခမောင်းဆိပ်မြို့နှင့်
ရပ်ကွက် ၈ ရပ်ကွက် ပါဝင်သော မြင်းလွှတ်မြို့ များတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်က
မှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ကြေညာသည်။
ထို့နောက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ
ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာ အပေါ် ပြည်သူ့ငွေ
စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၂/၂၀၁၆)ကို
ပူးပေါင်း ကော်မတီဝင် စစ်ကိုင်းတိုင်း ဒေသကြီးကသာမဲဆန္ဒနယ်မှဦးမိုးဇော်ဟိန်းကဖတ်ကြားတင်ပြရာ
ပြည်ထောင်စု လွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း
တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက်
ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သည့် ဒုတိယကာလတို (၅)နှစ်စီမံကိန်း (၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အထိ) မူကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ပါဝင်ဆွေး
နွေးကြပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ကံဇော်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး
ပုဂံညောင်ဦးမဲဆန္ဒနယ်မှ ဦးအောင်ကြိုင်က မြန်မာနိုင်ငံ မိုးတွင်းကာလ၌ ဧရာဝတီမြစ်ရေကြီးချိန်တွင်
ရေတံခါး တည်ဆောက်ပြီး ရေမြောင်းတူး၍ ရေသိုလှောင်ထိန်းသိမ်းထားနိုင်ပါက လယ်ယာများသို့
ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ ရေမြောင်းဘေး ပတ်ဝန်းကျင်တွင်လည်း ရေအစိုဓာတ်ရရှိမှု
မြင့်တက်လာပြီး ပတ်ဝန်းကျင် စိမ်းလန်း စိုပြေလာမည်ဖြစ်ပါကြောင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှလူများ၊
တိရိစ္ဆာန် များအတွက် သောက်သုံးရေကိုလည်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတစ်ဝန်း
မြေလွတ်မြေရိုင်းမြေလပ်များကို စက်ယန္တရားကြီးများ အသုံးပြု၍ လယ်ယာမြေတိုးချဲ့ စိုက်ပျိုးခြင်း
(သို့မဟုတ်) သစ်တောသစ်ပင်များ တိုးချဲ့စိုက်ပျိုးခြင်း ပြုသင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီးမအူပင်မဲဆန္ဒနယ်မှဦးစိန်ဝင်းက
မြန်မာနိုင်ငံအောက်ပိုင်းရေကြီး နစ်မြုပ်မှုမှကာကွယ်ရန် ကောနေသော မြောင်းများတူးဖော်ခြင်းနှင့်
စိုက်ပျိုးရေးကို အခြေခံ ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် မြေနှင့်ရေကို အကျိုးရှိရှိ
အသုံးချရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျေးလက် လူထု ဗဟိုပြုဖွံ့ဖြိုးမှုမူဝါဒနှင့်
လယ်ယာ ကဏ္ဍရင်းနှီးမြှုပ်နှံမှုတို့ကို ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သဘာဝအန္တရာယ်ကြိုတင်ကာကွယ်စီမံမှုများကိုလည်း ဆောင်ရွက်ရန် လိုအပ်ပါ
ကြောင်း အကြံပြုဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏
ဆွေးနွေးအကြံပြုချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဒုတိယ ၅
နှစ်စီမံကိန်း၏ ဖွံဖြိုးရေးမူဝါဒအနေဖြင့် ပြည်သူ ဗဟိုပြုအဖြစ်ဆက်လက် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊
ပြည်သူများ ပါဝင်ဆောင်ရွက် နိုင်သည့် စီမံကိန်းများဖြစ်ရန် ရေးဆွဲ သွားမည်ဖြစ်ပါကြောင်း၊
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် စီမံကိန်းရေးဆွဲမှုများကို အကျွမ်း ၀င်လာစေရန်နှင့်
၎င်းတို့၏ လိုအပ်ချက်များကို တင်ပြထည့်သွင်းရေးဆွဲနိုင်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
စီမံကိန်းများ၏ အောင်မြင်မှုမှာ ပြည်သူများ ပါဝင်ဆောင်ရွက်ခြင်းသည် အဓိကသော့ချက်ဖြစ်၍
အရေးကြီးပါကြောင်း၊ ပြည်သူများအတွက် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းစဉ်များ သည် ပြည်သူများ
ပါဝင်ဆောင်ရွက်မှသာလျှင် အမှန်တကယ် အောင်မြင်မည်ဖြစ်ပါ ကြောင်း။
ဒုတိယ
ငါးနှစ် စီမံကိန်း၏ အဓိကရည်ရွယ်ချက်သည် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေခံကောင်းများ
ပိုမိုဖြစ် ပေါ်စေခြင်းမှတစ်ဆင့် စက်မှုဖွံ့ဖြိုးမှုဆီသို့ ဖြစ်ပါကြောင်း၊ စက်မှုဖွံ့ဖြိုးမှုဆီသို့
ဦးတည်သော်လည်း လယ်ယာ ထုတ်ကုန်များကို တန်ဖိုးမြှင့်တင် ထုတ်လုပ်နိုင်ရန်၊ စက်မှုကဏ္ဍအတွက်
လိုအပ်သော ကုန်ကြမ်းသွင်းအားစုများ ဖြစ်ပေါ်စေ ရန်၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့်
ဝယ်လိုအားရှိသည့် ပို့ကုန်ဈေးကွက်အတွက် ပိုမို စီးပွားဖြစ် စေသည့် စိုက်ပျိုးရေးထုတ်ကုန်နှင့်
သီးနှံများ ထုတ်လုပ်ပေးရန်၊ လယ်ယာကဏ္ဍ ကို ခေတ်မီစက်မှုလယ်ယာသို့ ကူးပြောင်းရန်နှင့် စိုက်ပျိုးရေးကဏ္ဍ
ထုတ်လုပ်နိုင်စွမ်း တိုးတက်ရန်တို့ကို ပူးတွဲဆောင်ရွက်ရန် ဖြစ်ပါကြောင်း။
မြန်မာ့လယ်ယာကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးမြင့် ထုတ်ကုန်နှင့် အဆင့် မြင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များဆီသို့
ဦးတည်နိုင်ရန်အတွက် စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ လုပ်သားနှင့် မြေယာကုန် ထုတ်စွမ်းအားမြှင့်တင်ပေးခြင်း၊
ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ပေး ခြင်းတို့ကို ဆောင်ရွက်ပြီး ဒုတိယကာလတို ၅ နှစ်စီမံကိန်းအတွင်း
စက်မှုလယ်ယာဖော် ထုတ်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ရည်မှန်းထားရှိပါကြောင်း။
ထိုမှတစ်ဆင့် လယ်ယာကဏ္ဍ ထုတ်ကုန်များကို စက်မှုကဏ္ဍနှင့် ချိတ်ဆက်၍ လယ်ယာမှသည် စက်မှုဆီ သို့
အသွင်ပြောင်းနိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေး သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သည့်
ဒုတိယကာလတို (၅)နှစ်စီမံကိန်း (၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အထိ) မူကြမ်း
နှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်
ပုံမှန် အစည်း အဝေး ၃၆ ရက်မြောက်နေ့ကို ဇန်န၀ါရီ ၂၂ ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း
သိရ သည်။

No comments:
Post a Comment