Friday, January 22, 2016

7 Day News ဂျာနယ်မှ ဘာသာရေးဆိုင်ရာထိခိုက်စေသော သရုပ်ဖော်ပုံ ဖော်ပြခဲ့မှုအပေါ် မီဒီယာ ကျင့်ဝတ် များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ရေး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီထံသို့ အကြောင်းကြားထားရှိ

နေပြည်တော်၊ ဇန်နဝါရီ ၂၂
7 Day News ဂျာနယ်၏ ဇန်နဝါရီ ၁၃ ရက်ထုတ် အတွဲ-၁၄၊ အမှတ်စဉ် ၄၅ စာမျက်နှာ၂၃တွင် “ပုဂံဘုရားပွဲအသစ်နှင့် ပုဂံအမြင်သစ်” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးနှင့် တွဲလျက် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရှိသည့် ပုဂံရှေးဟောင်းဘုရားစေတီပုထိုးများနှင့်ကမုတ်ခွက်ကို တွဲဖက်၍ သရုပ်ဖော် ပုံဖော်ပြခဲ့ပြီးနောက်ဇန်နဝါရီ ၁၆ ရက်ထုတ် 7 Day Daily သတင်းစာနှင့် ဇန်နဝါရီ ၂၀ ရက်ထုတ် 7 Day News ဂျာနယ်တို့တွင်ထိုသို့ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ "ရဟန်းရှင်လူ ပြည်သူများအား တောင်းပန်အပ်ပါကြောင်း" ပြန် လည်ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့7 Day Daily သတင်းစာနှင့် 7 Day News ဂျာနယ်တို့တွင်ပြန် လည်တောင်းပန်ခဲ့သော်လည်းအချို့သော ရဟန်းရှင်လူပြည်သူများ မှာကျေနပ် မှုမရှိကြောင်း သိရှိရသဖြင့် 7 Day News ဂျာနယ်အနေဖြင့် ဘာသာရေး ဆိုင်ရာကိစ္စရပ်များ ဖော်ပြမည်ဆိုပါက အထူးအလေး ထားဆောင်ရွက် သွားရေး မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီမှ သက်ဆိုင်ရာ ဂျာနယ်သို့ အကြောင်းကြားပေးနိုင်ပါရန် သာသနာရေးဝန်ကြီးဌာနမှ ပြန်ကြားရေး ဝန်ကြီးဌာနသို့ညှိနှိုင်းခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီထံသို့ 7 Day News ဂျာနယ်အနေဖြင့် ဘာသာရေးဆိုင်ရာ များ ဖော်ပြရာတွင် အလေးထားလိုက်နာဆောင်ရွက်ရေးအတွက် သတင်း မီဒီယာဥပဒေပါ မီဒီယာကျင့်ဝတ်များနှင့်အညီဆက်လက်ဆောင်ရွက်နိုင်ပါရန် အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment