ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းသည် ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဧည့်ရိပ်သာ
(၂)၌ ကျင်းပသည့် ဒုတိယအကြိမ်လွှတ်တော် ပုံမှန် အစည်း အဝေးများသို့ တက်ရောက် မည့် လွှတ်တော်ကိုယ်စားလှယ်များအတွက်
တည်းခိုရေးနှင့် နေရာ ချထားရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊
ဧည့်ရိပ်သာတာဝန်ခံက ဒုတိယအကြိမ်လွှတ်တော် ပုံမှန် အစည်း အဝေးများသို့ တက်ရောက်မည့် လွှတ်တော်
ကိုယ်စားလှယ်များအတွက် တည်းခိုရေးနှင့် နေရာ ချထားရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍
စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ဒုတိယ အကြိမ် လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပခြင်းနှင့် လုပ်ဆောင်ရမည့်
လုပ်ငန်းအစီအစဉ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးသို့တက်ရောက်လာမည့် နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များအတွက်
တည်းခို နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ သွားလာရေး၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ
အဆင်ပြေ ချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများကို ကျေးဇူး တင်ရှိကြောင်း
ပြောကြား သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက
အထွေထွေ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု လွှတ်တော် နာယက က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး
နိဂုံးချုပ်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ
ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်ကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ
တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကသည် တည်းခိုဆောင်များ
ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံ ကြည့်ရှုသည်။

No comments:
Post a Comment