Monday, January 25, 2016

အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၅
အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်းခြင်း၊ ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခြင်း၊ အစီရင်ခံစာတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေး ခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြထားသည့် မေးခွန်း(၃)ခုအား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်များက ဖြေကြားကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၀ မှ ဦးမြင့်ထွန်း၏ တောင်သူ လယ်သမားများ၊ ဥယျာဉ်ကိုင်းသမားများ ဘဝမြင့်မားရေးအတွက် ဈေးကွက် ညှိနှိုင်း ပေးနိုင်ရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေး ကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၀ မှ ဦးသိမ်းဆွေက တောင်သူ လယ်သမားများ၊ ဥယျာဉ် ကိုင်းသမားများ ဘဝမြင့်မားရေးအတွက် ဈေးကွက်ညှိနှိုင်းပေး နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထိုအကြောင်းကို တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွင်လည်း ပြဋ္ဌာန်းထားရှိ ပါကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးစရိတ်အရင်းအနှီးကို ပုံသဏ္ဍာန် အမျိုးမျိုးနှင့် ပြင်ပမှ အတိုးနှုန်းဖြင့် ချေးယူနေကြရပါကြောင်း၊ အကြွေးဆပ်ပြီးသည့်အခါ ဝမ်းစာအတွက် မကျန်တော့သည့် တောင်သူလယ်သမားများကို တွေ့မြင်နေရ ပါကြောင်း၊ ထို့ပြင် တောင်သူလယ်သမားများ စပါးပေါ်ချိန် စပါးပေါက်ဈေးသည် အရေးကြီးပါကြောင်း၊ ထွန်ယက်စိုက်ပျိုးချိန်မှစ၍ စပါးပေါ်ချိန်အထိ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်သည် စပါးပေါက်ဈေးထက် လျော့နည်းကွာဟနေမှသာ တောင်သူ လယ်သမားများအတွက် အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့သို့ အကျိုး အမြတ်များရရှိနိုင်စေရန် ဝိုင်းဝန်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်းနှင့် စိုက်ပျိုး ချိန်တွင် ပြင်ပမှစိုက်ပျိုးစရိတ်အရင်းအနှီးအတွက် အတိုးနှုန်းဖြင့် ချေးယူခြင်းကို သက်သာစေရန် စိုက်ပျိုးစရိတ်ချေးငွေများကိုတိုး၍ ထုတ်ချေးပေးသင့်ကြောင်း အကြုံပြုဆွေးနွေးသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၇ မှ ဦးမင်းဦးက တောင်သူလယ်သမား များ၊ ဥယျာဉ်ကိုင်းသမားများ ဘဝမြင့်မားရေးအတွက် ဈေးကွက်ညှိနှိုင်းပေးခြင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေတိုးမြှင့်ပေးခြင်းများ လုပ်ဆောင် ပေးရုံမျှဖြင့် လုံလောက်မည် မဟုတ်ပါကြောင်း၊ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေရန် နေရာဒေအလိုက် သင့်လျော် သည့် ဖြည့်ဆည်းမှု အဖြစ် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးမှု၊ သွင်းအားစုများ ပြည့်မီစွာ ထည့်သွင်းနိုင်ရန်အတွက် လုံလောက်သောချေးငွေများ ရရှိမှု၊ ချေးငွေကို စီမံခန့်ခွဲသုံးစွဲနိုင်မည့် စွမ်းဆောင်ရည် မြှင့်တင်ပေးမှု၊ ကျေးလက်၊ တောင်သူ အခြေပြု စိုက်ပျိုးရေးပညာပေး ဆင့်ပွားသင်တန်းများကို ဖွင့်လှစ်ပို့ချပြီး ဦးဆောင် တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးအထူးပြုများ မွေးထုတ်ပေးမှု၊ ဈေးကွက်သတင်း အချက်အလက် ဝန်ဆောင်မှုနှင့် လုပ်ငန်းခွင် ကွင်းဆက်တစ်လျှောက်တွင် တောင်သူ လယ်သမားများ၏ဝေစု ထိုက်ထိုက်တန်တန် ရရှိမှုများကို ဆောင်ရွက်ပေးသင့် ပါကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း က  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စပါးဈေးနှုန်းသည် ထုတ်လုပ်မှုစရိတ်အောက် လျော့နည်းပါက တောင်သူလယ်သမား များ ထိခိုက်နစ်နာမှုမရှိစေရန် နိုင်ငံတော်အရန်ဆန်ဝယ်ယူခြင်းစနစ်ဖြင့် ဈေးကွက် ထိန်းညှိပေးလျက် ရှိပါကြောင်း၊ လက်ရှိအချိန်တွင် ဆန်စပါးဈေးနှုန်းနှင့်ပတ်သက်၍ စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ သယ်ယူခြင်း၊ ရောင်းဝယ်ခြင်း များကို ပုဂ္ဂလိကသို့ လွတ်လပ်စွာ ဆောင်ရွက် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေကို အကောင် အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည့် Finished Product နှင့် အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်ပြီး ခေတ်မီအဆင့်မြင့် ကုန်ချောထုတ်စက်ရုံများ အပြည့်အဝပေါ်ထွန်းလာရေး စည်းရုံး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တောင်သူလယ်သမားများအတွက် ချေးငွေအရင်းအနှီး ပိုမို၍ထုတ်ချေးပေးနိုင် ပါက ကုန်ထုတ်လုပ်မှု တိုးတက်လာပြီး အသားတင်ထုတ်လုပ်မှု တန်ဖိုး တိုးတက်လာမည်ဖြစ်သဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း စပါးတစ်ဧကလျှင် ကျပ် ၁၂၀၀၀၀ အထိ တိုးမြှင့်ထုတ်ချေးပေးနိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေ သုံးစွဲနိုင်မှု အခြေအနေအရ တိုးမြှင့် ထုတ်ချေး နိုင်ခြင်း မရှိသေးပါကြောင်း။
တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အရင်းအနှီးရရှိစေရန်အတွက် စိုက်ပျိုး စရိတ်ချေးငွေကို ယခင်အစိုးရ ကာလအတွင်း စပါးသီးနှံနှင့် ကြံသီးနှံများအား တစ်ဧကလျှင် ကျပ် ၂၀၀၀၀ နှုန်းသာ ထုတ်ချေးပေးခဲ့ရာမှ ယခုအစိုးရကာလအတွင်း တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးခဲ့ပါကြောင်း၊ အတိုးနှုန်းကိုလည်း ယခင်က တစ်နှစ်လျှင် ၁၇ ရာခိုင်နှုန်း၊ တစ်လလျှင် ၁ ကျပ် ၄၂ ပြားနှုန်းကောက်ခံခဲ့ရာမှ ယခုအခါ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း၊ တစ်လလျှင် ၄၂ ပြားနှုန်းသို့ လျှော့ချကောက်ခံလျက်ရှိသဖြင့် တောင်သူ လယ်သမားများအနေဖြင့် စိုက်ပျိုးစရိတ် အရင်းအနှီးများကို ပိုမိုရရှိလာသည့် အပြင် အတိုးနှုန်း သုံးပုံနှစ်ပုံခန့် သက်သာလျက်ရှိပါကြောင်း။
ထို့ပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများသို့ စိုက်ပျိုး စရိတ်များ ထုတ်ချေးပေးနေသကဲ့သို့ သမဝါယမဝန်ကြီးဌာနမှလည်း ကျေးရွာသမဝါယမ အသင်းများ ကျယ်ပြန့်စွာ ဖွဲ့စည်းပြီး တောင်သူများသို့ စပါးသီးနှံ တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပါကြောင်း ရှင်းလင်းသည်။
အဆိုပါ အဆိုအား လွှတ်တော်၏ အဆုံးဖြတ် ရယူအတည်ပြုသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီ၏ ပထမအကြိမ် အမျိုးသားလွှတ်တော် သက်တမ်း ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၉ မှ ဦးမောင်အေးထွန်းက ဆွေးနွေးသည်။
ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းကြည်က အဆိုတင်သွင်းကာ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

No comments:

Post a Comment