Monday, January 25, 2016

ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၅
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီခွဲတွင်ကျင်းပရာ လွှတ်တော်ကော်မတီ ၆ ခု၏ သုံးသပ် အကြံပြုချက်များ ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်း တစ်ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီက ကော်မတီဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များမှ တိုင်းရင်းသား မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း လွှတ်တော်သက်တမ်း တစ်ခုအတွင်း တိုင်းရင်းသားများ၏ သဘောထားများ၊ လိုအပ်ချက်များကို သိရှိနိုင်ရန်အတွက် တစ်နှစ်လျှင် တစ်ကြိမ်ခန့် သွားရောက် တွေ့ဆုံသင့်ပါကြောင်း အကြံပြုတင်ပြသည်။
ဆက်လက်၍ အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီက ကော်မတီ၌ နိုင်ငံတော်မှ ဆောင်ရွက် နေသည့် အမျိုးသားစီမံကိန်းများ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ၊ အခွန် အကောက်အဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ တတ်သိ နားလည်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးသင့်ပါကြောင်း၊ ကော်မတီနှင့်သက်ဆိုင်သော ဥပဒေ များကို ကော်မတီဝင်များ သိရှိနားလည် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ရှင်းလင်း ဆောင်ရွက်စေခြင်းနှင့် လိုအပ်သော ဥပဒေစာအုပ်များကို ကော်မတီဖွဲ့စည်းပြီး သည်နှင့် ပေးပို့သင့်ပါကြောင်း၊ ကော်မတီနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၏ လုပ်ငန်း များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်းမပြုမီ ကော်မတီအလိုက် တာဝန် ခွဲဝေယူ၍ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ(ဒီဘိတ်)များကျင်းပခြင်း၊ နိုင်ငံတော်နှင့် ပတ်သက်သည့် လုပ်ငန်း စီမံကိန်းများ အောင်မြင်မှုရှိ၊ မရှိကို ကော်မတီအနေဖြင့် နယ်မြေကွင်းဆင်း လေ့လာမှုပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနများက စီစဉ်ပေးသင့်ပါကြောင်း အကြံပြုတင်ပြသည်။
ထို့နောက် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီက မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် လွှတ်တော်ဆိုင်ရာ ညီလာခံများသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရာတွင် ညီလာခံတက်ရောက်ရခြင်း အကျိုးအပြည့်အဝရရှိရန် ကိုယ်စားလှယ် ဦးရေကို တိုးမြှင့် စေလွှတ်သင့်ပါကြောင်း၊ လွှတ်တော်အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများကျင်းပရာတွင် လွှတ်တော်ကိုယ်စားလှယ်များအတွက် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကြောင့် ရုံးချိန်ကျော်လွန်မှကျင်းပရသဖြင့် သင်တန်း၊ ဆွေးနွေးပွဲအပေါ် စိတ်ဝင်စားမှုနည်းကြသည့် အတွက် နည်းလမ်းရှာကြံစဉ်စားသင့် ပါကြောင်း အကြံပြုတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်(၁၈)ခုဖြင့် ပြန်လည်ပေးပို့သည့် နိုင်ငံ တော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည် ပြုရန် ထောက်ခံဆွေးနွေးတင်ပြကြသည်။
အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ပြင်ဆင်ချက်(၇)ခုကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုခဲ့ပြီး ကျန်ရှိသော ပြင်ဆင်ချက် (၁၁)ခုကို ဆက်လက်ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၉ ရက် မြောက်နေ့ကို ဇန်နဝါရီ ၂၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment