Thursday, January 21, 2016

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓစာကြည့်တိုက် ရတနာပန္နက်တော်တင်၊ တွင်းတော်ဝန်း မဟာမင်္ဂလာ အခမ်းအ နားနှင့် အလှူတော်ငွေပေးအပ်ပွဲကျင်းပ


နေပြည်တော်  ဇန်န၀ါရီ ၂၁
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သတ္တဌာန သာသနာ့နယ်မြေ၌ တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓစာကြည့်တိုက် ရတနာပန္နက်တော်တင်၊  တွင်းတော်ဝန်း မဟာမင်္ဂလာအခမ်းအနားနှင့် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် အဆိုပါသာသနာ့နယ်မြေ၌ ကျင်းပရာ နေပြည်တော် သံဃ မဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာသာမိအမှူးပြုသော ဆရာတော်များ ကြွရောက် ချီးမြှင့် တော်မူကြသည်။

အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင် ဒွိပိဋက ဓရ မဟာဝိသုဒ္ဓါရုံ (ပါဠိ တက္ကသိုလ်) ရွှေကျင်တိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရီ ကဉ္စနာဘိဝံသထံမှ ကိုးပါးသီလ ခံယူ ဆောက်တည် ကြပြီး ဆရာတော်၊ သံဃာတော်များ ပရိတ်တရားတော်ရွတ်ပွားမှုကို နာယူကြကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် စေတနာရှင်အလှူအရှင်များက လှူဒါန်းသည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓစာကြည့်တိုက်အတွက် အလှူငွေများကို ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် ပြည်ထောင်စုဝန်ကြီးများက လက်ခံ ကြသည်။
ဆက်လက်၍ ကမ္ဘာ့ဗုဒ္ဓစာကြည့်တိုက် ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဝင် ဦးသန်းဌေး၊ ဦးသက်နိုင်ဝင်းနှင့် ဦးခင်ရီတို့က ရတနာပန္နက်တော်ဌာနအသီးသီးတွင် ပန္နက်တော် များစိုက်ထူ တွင်းတော် ဝန်းကြပြီး ပရိတ်နံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်များ ဦးဆောင်၍ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ယခုတည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစာကြည့်တိုက်သည် အလျားနှင့် အနံ ၂၉၆ ပေ ၃ လက်မစီဖြင့် ၂ ထပ် အဆောက်အအုံဖြစ်ပြီး အပြင်ဘက်မှကြည့်လျှင် ၇ ထပ်ရှိသည့် ပုံသဏ္ဍာန်ဖြစ်အောင် ဖန်တီးထားသည်။ ယင်းအဆောက်အအုံကို မြန်မာ ဟိုက်လန့်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး စာကြည့်တိုက်ဆောင်၊ ဓာတ်တော်များထားမည့်အဆောင်နှင့် စီမံခန့်ခွဲမှုများပြုလုပ်မည့် ရုံးခန်းများပါဝင်မည်ဖြစ် သည်။
လက်ရှိအချိန်တွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ သုတေသနပြု လေ့လာလိုပါက တစ်ကမ္ဘာလုံးရှိ ပညာရှင်များက ဘာသာပေါင်းစုံနှင့်ရေးသားထားသော ဗုဒ္ဓကျမ်းဂန်များ ရှိရာ အောက်စဖို့ဒ်တက္ကသိုလ် စာကြည့်တိုက်သို့ သွားရောက်လေ့လာနေကြရသည်။
အောက်စဖို့ဒ်တက္ကသိုလ်ကို သွားရောက်လေ့လာနေကြရတဲ့ အနေအထားကနေ ဗုဒ္ဓဘာသာနဲ့ပတ်သက်ရင် မြန်မာနိုင်ငံကိုလာပြီးတော့ လေ့လာရမယ့် အခြေအနေမျိုး ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်၊ ဒီစာကြည့် တိုက်ကြီးအောင်မြင်ရင် မြန်မာနိုင်ငံ၊ မြန်မာဗုဒ္ဓဘာသာနဲ့ စာကြည့်တိုက်တည်ရှိရာ နေပြည်တော်ကြီး ဟာ တကယ်အရေးပါ တဲ့ နေရာဖြစ်လာမှာမလွဲပါဘူးဟု ဗုဒ္ဓစာကြည့်တိုက် တည်ဆောက်ရေးအတွက် ဦးဆောင် နေသည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များအသင်း၏ အတွင်းရေးမှူးချုပ် အောက်စဖို့ဒ် တက္ကသိုလ်၏ ကထိကပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိက မိန့်ကြားသည်။
အဆိုပါစာကြည့်တိုက်တည်ဆောက်ရန် ငွေကျပ်သိန်းပေါင်း နှစ်သောင်းငါး ထောင်ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး လက်ရှိတွင် အလှူငွေ ကျပ်သိန်းပေါင်း နှစ်သောင်းတစ်ထောင်ကျော် ရရှိနေပြီဖြစ်သည်။
ဗုဒ္ဓဘာသာကျမ်းစာတွေအားလုံးကို ဒီမှာထားဖို့ရွေးချယ်ရတာကတော့ မြန်မာ နိုင်ငံမှာဆို လုံခြုံတယ်၊ စေတနာသဒ္ဓါတရားထက်သန်တဲ့ အလှူရှင်တွေလည်းများတယ် အဲဒါကြောင့် ဒီနေရာကို ရွေးချယ် ရတာဖြစ်တယ်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္က သိုလ်များရဲ့ အတွင်းရေးမှူးချုပ်ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝန်းက အဆက်အသွယ်နဲ့ ဒီ စာကြည့်တိုက်ကို ဗုဒ္ဓဘာသာကျမ်းစာတွေရောက်အောင် ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတကာ ဗုဒ္ဓဘာသာစာကြည့်တိုက် ပညာရှင်တွေလည်း ဒီမှာလာပြီးပူးပေါင်း ဆောင် ရွက်နိုင်အောင် စီစဉ်ပေးဖို့ရှိပါတယ်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ထို့ပြင် ဆရာတော်က “အောက်စဖို့ဒ်တက္ကသိုလ်စာကြည့်တိုက်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် မြန်မာ ဘာသာနဲ့ ရေးထားတဲ့ ဗုဒ္ဓဘာသာစာအုပ်တွေတင်မကဘူး တရုတ်၊ သီရိလင်္ကာ၊ ထိုင်း၊ တိဘက်၊ ကိုရီးယား၊ ဂျပန် စတဲ့ဘာသာတွေအပြင် တစ်ခြား ဘာသာနဲ့ရေးထားတဲ့စာအုပ်တွေ အကုန်ရှိတာတွေ့ရတယ်။ တစ်ကမ္ဘာလုံးက ပညာရှင် တွေ သူတို့ဆီကိုလာပြီးလေ့လာရတယ်။ အဲ့ဒါကြောင့် အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ စာကြည့်တိုက် ဆောက်ချင်ခဲ့တယ်။ အဲဒီစာကြည့်တိုက်မှာ မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓ ကျမ်းဂန်ပေစာတွေအပြင် ဘာသာစကား ပေါင်းစုံနဲ့ရေးထားတဲ့ ဗုဒ္ဓကျမ်းစာမှန်သမျှကို ထားဖို့ရည်ရွယ်တယ်ဟု မိန့်သည်။

အဆိုပါစာကြည့်တိုက်ပြီးစီးသွားပါက ဗုဒ္ဓဥယျာဉ်ကို ဆက်လက်တည်ဆောက် သွားရန် ရှိပြီး ၎င်းဥယျာဉ်နှင့် စပ်လျဉ်း၍ ဆရာတော်က “မြတ်စွာဘုရားနဲ့ပတ်သက်တဲ့ သစ်ပင် ၁၂၀၀ ကျော်ရှိပါတယ်။ စာကြည့် တိုက် တည်ထောင်ပြီးပြီဆိုရင် ဒီဝန်းကျင်မှာ အဲ့ဒီသစ်ပင် ၁၂၀၀ ကျော်နဲ့ ဗုဒ္ဓဥယျာဉ် ဖန်တီးဖို့ရှိပါတယ်။ ဒီဥယျာဉ်ထဲမှာ မြတ်စွာဘုရားနဲ့ပတ်သက်တဲ့ သစ်ပင်တွေကိုကြည့်ရင်းနဲ့ သစ်ပင်နားမှာရေးထားတဲ့ ပိဋိကတ် သုံးပုံထဲက အကျဉ်းချုပ်တရားတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဥယျာဉ်ကို တစ်ပတ်ပတ်လိုက်တာနဲ့ ပိဋိကတ် သုံးပုံအနှစ်ချုပ်ကို ရသွားမှာဖြစ်ပါတယ်ဟု မိန့်ကြား သည်။  

No comments:

Post a Comment