Monday, January 4, 2016

တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြု

နေပြည်တော်၊ ဇန်နဝါရီ ၎
"ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် စစ်ရေးအကြောင်း ဦးစွာ သဘောပေါက် အောင်လုပ်ပါ" ဆိုသည့် ဆိုရိုးစကား တစ်ရပ်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကို  ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင် စစ်ရေးဆိုင်ရာ  ရင်ဆိုင်ရမှုများ ရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ယင်းရင်ဆိုင်ရမှုများမှာ မိမိတို့တပ်မတော်က စစ်ကို လိုလားသောကြောင့် ဖြစ်နေခြင်း မဟုတ်သည်ကို ဖြစ်စဉ်ဖြစ်ရပ်များကို အစွဲကင်းကင်းဖြင့် ဂဃနဏ လေ့လာကြည့်လျှင် တွေ့နိုင်ကြောင်း၊ လွတ်လပ်ရေးရပြီး ကတည်းက  ယနေ့တိုင်အောင် မိမိတို့ရဲဘော် ရဲဘက်များ၏ အသက်၊ခန္ဓာ၊ သွေးများစွာ ပေးဆပ်နေရကြောင်း။

ယနေ့ မိမိတို့ တိုက်ပွဲ ဝင်နေရခြင်းများသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသော စစ်သာဖြစ်သည် ဆိုသည်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ရဲဘော်ရဲဘက်များအားလုံးက မှန်သောသစ္စာ ဆိုဝံ့ကြောင်း၊ အမိနိုင်ငံတော်၏ မြေပြင်၊ ဝေဟင်၊ ရေပြင် ရေအောက် ပိုင်နက် နယ်မြေများ၊ အမိနိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတို့၏ အကျိုးစီးပွား ၊ အသက်အိုးအိမ် စည်းစိမ် ဥစ္စာများကို ကာကွယ် စောင့်ရှောက်ကြရမည့် တာဝန်ဝတ္တရားများမှာ နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသား နိုင်ငံရေး တာဝန် တစ်ရပ်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသော တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်းနှင့် ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ် လက်ခံ ရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် နိုင်ငံတော် ကာကွယ်ရေး အတွက် တပ်မတော်များ ဖွဲ့စည်း ထူထောင်ပြီး နိုင်ငံ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း၊ ယင်းတပ်မတော်များသည်  စတင်ပေါ် ပေါက်လာရသည့် အကြောင်းအရင်း၊ တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်၊  ဖွဲ့စည်း ထူထောင်ရာတွင် အမာခံ၊ အမြူတေအဖြစ် ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ စသည်တို့အပေါ် မူတည်ပြီး  ထူးခြားသည့် ဝိသေသ လက္ခဏာများ ရှိကြကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် ပိုမိုထူးခြား ပြောင်မြောက်သည့်၊ နိုင်ငံတော်၏ တိုင်းပြည် တည်ဆောက်ရေး (National    Building)၊ နိုင်ငံတည် ဆောက်ရေး (State Building) သမိုင်းများနှင့် ခွဲခြား၍ မရအောင် ယှဉ်တွဲနေသည့် သမိုင်းဆိုင်ရာ ဝိသေသ လက္ခဏာများ၊ ခေတ်သစ် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင် ပါဝင်နေဆဲဖြစ်သည့် ပစ္စုပ္ပန်ဆိုင်ရာ ဝိသေသ လက္ခဏာများဖြင့် ပြည့်စုံ နေသည့် တပ်မတော် ဖြစ်ကြောင်း။
မိမိတို့တပ်မတော်ကို ဆုံးရှုံးခဲ့ရသည့် မြန်မာ့လွတ်လပ်ရေးကို ပြန်လည် ရယူနိုင်ရန်အတွက် မျိုးချစ်လူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ မည်သည့်ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်ကိုမှ မျှော်လင့်၍မရနိုင်သည့် အခြေအနေတွင် တိုင်းချစ်၊ ပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်များဖြင့် အရင်းခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က  ပြည်သူ များ၏ ပြင်းပြသည့်ဆန္ဒ လိုလားချက် ဖြစ်သော "လွတ်လပ်ရေး သည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ" ဆိုသည့် အမျိုးသားရေး လိုအပ်ချက်ကို တပ်မတော်က ဦးဆောင် အကောင်အထည်ဖော် ဖြည့်ဆည်း ပေးခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်တွင် ရွေးချယ် ကျင့်သုံးခဲ့သည့် ပါလီမန်ဒီမို ကရေစီစနစ်မှ တိုင်းရင်းသားပြည်သူလူထု လိုလားသည့် ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲ ဖော်ဆောင်ရာတွင်လည်း တပ်မတော်က လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ မျက်မှောက် ကာလ တိုင်းရင်းသား ပြည်သူများ၏ ဆန္ဒဖြစ် သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ပြောင်းလဲ လျှောက်လှမ်းနိုင်ရန်လည်း  တပ်မတော်ကပင် ဦးဆောင် အသွင် ကူးပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်သည် ပြည်သူများ၏ လိုလားချက် မှန်သမျှကို ခေတ်အဆက်ဆက် အလေးထား ဖြည့်ဆည်း ပေးခဲ့ကြောင်း ၊ မိမိတို့ တပ်မတော်သားများသည် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားရေး တာဝန်များကို စွန့်လွှတ် အနစ်နာခံမှုများဖြင့် ထမ်းဆောင်ခဲ့ကြောင်း၊ သာမန်ထက် သာလွန်သည့် စွမ်းရည် သတ္တိများကို ပြသခဲ့ကြောင်း၊ စွမ်းရည်သတ္တိ ဆိုသည်မှာ လုပ်ရဲကိုင်ရဲခြင်း၊ ရဲစွမ်း သတ္တိရှိခြင်း ဆိုသည်ထက် ပိုမိုကျယ်ပြန့်သည့် အဓိပ္ပာယ်ရှိကြောင်း၊ စွမ်းရည်သတ္တိတွင် ပေးဆပ်ရဲ၊  စွန့်လွှတ်ရဲသည့် စိတ်၊  ရဲဘော် ရဲဘက်စိတ်၊ မှန်ကန်သည့်ဆုံးဖြတ်ချက်၊ မှန်ကန်သည့် စွန့်လွှတ်စွန့်စားမှုများလည်း ပါဝင်နေကြောင်း၊ ထိုသို့ ရဲစွမ်းသတ္တိဖြင့် အထူးပြည့်စုံသည့် အရာရှိ၊ စစ်သည်များကို နိုင်ငံတော်နှင့် တပ်မတော်က နှစ်စဉ် နှစ်တိုင်း ထိုက်ထိုက် တန်တန် ဂုဏ်ပြုပေးနေကြောင်း။
ယနေ့အခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၁ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၈ ဦး၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ၁ ဦး တို့ကို ဂုဏ်ပြုချီးမြှင့် ပေးခြင်းမှာ  တပ်မတော်၏ သာလွန် မွန်မြတ်သည့် ရဲစွမ်းသတ္တိနှင့် စွန့်လွှတ်စွန့်စားခြင်း အတွက် သမိုင်းဆိုင်ရာ မှတ်ကျောက် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုသည်မှာ တိုင်းပြည်အတွက် ထမ်းဆောင်ကြသည့် တာဝန်များအနက် အစွန့် စားရဆုံး၊ ပေးဆပ် စွန့်လွှတ်ရမှု အများဆုံး၊ တိုင်းပြည်အတွက် အရေးအကြီးဆုံး တာဝန် တစ်ရပ်ဖြစ်သည့် အပြင်၊ လူတိုင်း ပြုရခဲပြုနိုင်ခဲသည့် အမွန်မြတ်ဆုံးသော တာဝန် တစ်ရပ်ဖြစ်ကြောင်း။
အမိနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည့်တံ့ ခိုင်မြဲမှုကို ရဲစွမ်းသတ္တိရှိရှိ သက်စွန့် ကြိုးပမ်း ကာကွယ်ခြင်း၊ ညီအစ်ကိုမောင်ဘွား တိုင်းရင်းသား ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ခြင်း လုပ်ငန်းများ သည် နိုင်ငံ့အကျိုးပြု၊  ပြည်သူ့အကျိုးပြု၊ ဘာသာ သာသနာအကျိုးပြု လုပ်ငန်းများကို အသက်စွန့် လှူရခြင်းဖြစ်၍ ဇီဝိတဒါန မြောက်သည့်အတွက် "ရဲသော်မသေ သေသော် ငရဲမလား" ဆိုသည့် အဆိုအမိန့်တစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် အမိမြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှစပြီး ယနေ့တိုင် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော် အပေါ် သာလွန် မွန်မြတ်သော သစ္စာစောင့်သိ စွန့်လွှတ်စွန့်စားမှုကို  ဆက်လက် ဆောင်ရွက်ပြီး  နိုင်ငံတော်ကို ကာကွယ် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာတွင် ထက်သန် ပြောင်မြောက်စွာ သက်စွန့်ကြိုးပမ်း ထမ်းဆောင်သူများသည် ပြည့်စုံ မွန်မြတ်သော  မှတ်တမ်းကောင်း ချန်ရစ်သူ ယောက်ျားကောင်း ယောက်ျားမြတ်များဖြစ်၍ တပ်မတော်၊ နိုင်ငံတော်နှင့် ပြည်သူက သားကောင်းဇာနည်များအဖြစ် မှတ်တမ်းတင်ပြီး အမြဲတမ်းအမှတ်ရ ဂုဏ်ယူနေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူ တပ်ကြပ်ကြီး ကျော်မြသိန်း ကိုယ်စား ဇနီး ဒေါ်စောမြမွန်အားလည်း ကောင်း ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူများ ဖြစ်ကြ သည့် တပ်ကြပ်ကြီးမြင့်လွင် ၊ တပ်ကြပ် ရဲမင်းစိုး၊  ဒုတိယတပ်ကြပ် သိန်းထွန်း ၊ ဒုတိယ တပ်ကြပ်အောင်ခိုင် ၊ ဒုတိယတပ်ကြပ် ဝင်းကျော်ဦး၊ ဒုတိယတပ်ကြပ် ကျော်ခိုင်၊ ဒုတိယတပ်ကြပ စိုးမြင့်သိန်းနှင့် ပြည်သူ့ စစ်ခေါင်းဆောင်ဖြစ်သူ ဦးထွန်းမြတ်လေး တို့အားလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ရရှိသူ ဗိုလ်ကျော်ရဲအောင်အား လည်းကောင်း သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်နှင့် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်မှုမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ၆ ဦး၊ သီဟသူရဘွဲ့ ၄၇ ဦး၊ သူရဘွဲ့ ၅၄၂ ဦး၊ သီဟဗလတံဆိပ် ၆ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် ၁၈၆၂ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ် ၁၈၉၀ ဦး၊ စစ်သေနာပတိချုပ်၏ သူရဲကောင်း လက်မှတ် ၃၃၅ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ၂၅၂၆ ဦး၊ စစ်သေနာပတိချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ၂ ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ၈၇၄ ဦး ရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment