Monday, January 4, 2016

၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား နေပြည်တော်၌ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၎
ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲသိုက် မပျက် အတူတကွရာသက်ပန် ပူးပေါင်း နေထိုင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်း ကာကွယ်ရေး၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်နှင့်အတူ ထာဝရ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရေး ဟူသော အမျိုးသားရေး ဦးတည်ချက် (၄)ရပ်နှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပသည့် ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ရှေ့ရင်ပြင်၌ ကျင်းပရာ  ပြည်သူလူထု စုစုပေါင်းအင်အား (၃၀၀၀) ကျော် တက်ရောက်ကြသည်။



ရှေးဦးစွာ နံနက်(၄)နာရီ မိနစ်(၂၀)တွင် ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ကျင်းပရာ အလံတင်တပ်စုက နိုင်ငံတော် အလံကို လွှင့်တင်သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ကြီးဌာန အသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊  ပုဗ္ဗသီရိတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် သတ်မှတ်ထားသော စုရပ်အသီးသီးမှ မြို့တော်ခန်းမ ရှေ့ရင်ပြင်သို့ နံနက်(၆)နာရီတွင် ဝင်ရောက်နေရာ ယူကြသည်။
အလားတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဖိတ်ကြားထား သူများက သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြသည်။
ယင်းနောက် နံနက်(၆)နာရီ (၄၅)မိနစ်တွင် ၂၀၁၆ ခုနှစ် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက် နေရာယူကြသည်။
ထို့နောက် ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အလေးပြုခံ စင်မြင့်ထက်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကို ခံယူသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၊ ပြည်သူလူထုကြီးနှင့် အတူ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့ တီးဝိုင်းက နိုင်ငံတော် သီချင်းကို တီးမှုတ်သည်။
ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို ရွတ်ဆိုသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂၀၁၆ ခုနှစ် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

No comments:

Post a Comment