Thursday, January 28, 2016

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အဆောင်နေ ကျောင်းသား/ သူများအတွက် ဗဟိုစားချက်ဆောင်နှင့် စားရိပ်သာများဖွင့်လှစ်





နေပြည်တော်၊ ဇန်နဝါရီ ၂၈ 

နိုင်ငံတော်၏သားငါးကဏ္ဍဖွံ့ဖြိုးရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများ မွေးမြူ ထုတ်လုပ်နိုင်ရေးနှင့် ကျေးလက်လူမှုစီးပွားဘဝများ တိုးတက်မြင့်မားရေးတို့အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိသော နိုင်ငံတော်၏ တစ်ခုတည်းသော မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) ၏ အဆောင်နေ ကျောင်းသား/သူများအတွက် ဗဟိုစားချက်ဆောင် သစ်နှင့် စားရိပ်သာသစ်များ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၂၇) ရက် ညနေ (၄) နာရီခွဲတွင်   ဇေယျာသီရိမြို့နယ်၊ ရေဆင်းမွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်ရှိ ဗဟိုစားချက်ဆောင်သစ်နှင့် စားရိပ်သာသစ်များတွင် ကျင်းပ သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဇီဝကဆောင်နေ ကျောင်းသားများ၏ ထမင်းစားဆောင် သစ်သို့ ရောက်ရှိပြီး ထမင်းစားဆောင်သစ် ဆောက်လုပ်ပြီးစီးမှုနှင့် အဆောင်နေကျောင်းသားများ ဘူဖေးစနစ်ဖြင့် စနစ်တကျ စားသောက်နေမှုတို့အား လှည့်လည်ကြည့်ရှု၍ ကျောင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် ဇီဝကဆောင်နေ ကျောင်းသားများကိုယ်စား ပဉ္စမနှစ် ကျောင်းသားတစ်ဦးမှ ထမင်းစားဆောင်သစ် ဆောက်လုပ်ပြီးစီးမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍  ဟန်လင်းဆောင်နေ ကျောင်းသားများ၏ ထမင်းစားဆောင်သစ်သို့ရောက်ရှိပြီး  ပြည်ထောင်စုဝန်ကြီးသည် ဟန်လင်းဆောင်နေ ကျောင်းသားများ ပျော်ရွှင်စွာဖြင့် ထမင်းစားသောက်နေမှုအား ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဂန္ဓမာဆောင်နေကျောင်းသူများ၏ ထမင်းစားဆောင် သစ်သို့ ရောက်ရှိရာ ဂန္ဓမာဆောင်နေ ကျောင်းသူနှစ်ဦးမှ ထမင်းစားဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက်   တက္ကသိုလ် ကျောင်းသား/သူ ထမင်းစားဆောင်များ၏ အလျား (၉၀) ပေ၊ အနံ (၃၆) ပေရှိ အဆောင်နေကျောင်းသား/သူ (၁၂၄၀) ဦးအတွက် တစ်နေရာတည်း၌ စုပေါင်းချက်ပြုတ်သည့် ဗဟိုထမင်း/ဟင်းချက်ဆောင်သစ်သို့ လှည့်လည်ကြည်ရှု၍ ကျောင်းသား/သူများအနေဖြင့် သန့်ရှင်း လတ်ဆတ်သော အစားအစာများနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများကို စားသုံးနိုင်ရေး အတွက် အထူးဂရုပြုပြင်ဆင် ချက်ပြုတ်သွားနိုင်ရေး မှာကြားသည်။

အဆိုပါ ဗဟိုထမင်း/ ဟင်းချက်ဆောင်သစ်နှင့် ထမင်းစားဆောင်သစ်များအား ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား (၁၂၀) ပေ၊ အနံ (၆၀) ပေရှိ ဇီဝကနှင့် ဟန်လင်း အမျိုးသားထမင်းစားဆောင်သစ် (၂) လုံးအတွက် ခွင့်ပြုငွေကျပ် (၃၉၆) သန်းဖြင့် လည်းကောင်း၊ အလျား (၁၀၀) ပေ၊ အနံ (၇၀) ပေရှိ ဂန္ဓမာ အမျိုးသမီး ထမင်းစားဆောင်သစ် (၁) လုံး အတွက် ခွင့်ပြုငွေ ကျပ် (၁၉၈) သန်းဖြင့် လည်းကောင်း၊ အလျား (၉၀) ပေ၊ အနံ (၃၆) ပေရှိ ဗဟိုထမင်း/ ဟင်းချက်ဆောင်သစ် (၁) လုံးအတွက် ခွင့်ပြုငွေကျပ် (၈၉.၁၀) သန်းဖြင့် လည်းကောင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment