Thursday, January 28, 2016

ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး မဟာဗျူဟာမူဘောင်နှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ




နေပြည်တော် ဇန်နဝါရီ ၂၈

ဘူမိရူပအနေအထားအရ အချို့ဒေသများတွင် သန့်ရှင်းသော သောက်သုံး ရေကို လွယ်ကူစွာရရှိနိုင်သော်လည်း အချို့ဒေသများတွင်မူ ရေရရှိရေးအတွက် အခက်အခဲများစွာ ရှိနေဆဲ ဖြစ်ကြောင်းဖြင့် ယနေ့ နံနက် (၈) နာရီခွဲအချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ကျေးလက်ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး မဟာဗျူဟာမူဘောင်နှင့် ရင်းနှီး မြှုပ်နှံမှုအစီအစဉ် ရေးဆွဲခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။


ထို့နောက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (unicef) မှ Ms. Penelope Campbell က ကောင်းမွန်သောရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ရရှိမှုအပြင် တစ်ကိုယ်ရည်သန့်ရှင်းရေး ရရှိမှုသည် ကလေးသူငယ်များအတွက် အလွန်အရေးကြီးကြောင်း၊ အမျိုးသားအဆင့် ကျေးလက်ဒေသရေရရှိရေး၊ စာသင်ကျောင်းများရေရရှိရေး၊ ဆေးရုံ/ဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့် ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲခြင်းသည် ကျေးလက်နေပြည်သူလူထုအတွက် ရေရှည်မျှော်မှန်း ထားသည့် ပန်းတိုင်နှင့် ရည်မှန်းချက်များ ပြည့်မီရန်အတွက် လမ်းပြပေးမည့် အရေးကြီးသော လမ်းညွှန်ပင် ဖြစ်ကြောင်းဖြင့် နှုတ်ခွန်းဆက် ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  unicef တို့မှ ကိုယ်စားလှယ်များက မဟာဗျူဟာရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရေပေးရေးလုပ်ငန်းများ၊ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ၊ စာသင် ကျောင်းများ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ၊ ကျန်းမာရေးဌာနများ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ၊ အရေးပေါ်အခြေအနေတွင် ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနှင့် ပတ်သက်၍ ချဉ်းကပ်နည်းများ၊ ဦးတည်ချက်နှင့် နိယာမရေးဆွဲခြင်း မဟာဗျူဟာများကို လည်းကောင်း၊ စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သော သုံးစွဲကုန်ကျမည့် အသုံးစရိတ်များအား ခန့်မှန်းရေးဆွဲခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းစဉ်များကို လည်းကောင်း အစုအဖွဲ့လိုက် ဝိုင်းဝန်း ဆွေးနွေးကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၊ ဒုတိယဝန်ကြီးဦးတင်ငွေနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (unicef) တို့မှ ကိုယ်စားလှယ် စုစုပေါင်း (၁၂၅)ဦး တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား ဇန်နဝါရီလ (၂၉) ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

No comments:

Post a Comment