Thursday, January 28, 2016

အတွေ့အကြုံများကို အခြေခံ၍ အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်သွားရမည်


နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် အဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်း ပြင်ဆင်ချက်များကို တင်ပြခြင်း၊ ဆွေးနွေးအတည်ပြုခြင်း၊ နှစ်ပတ်လည် အစည်းအဝေး ဆွေးနွေးချက်များမှသည် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်များ အတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။
ထို့နောက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မာထွန်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင် များက အဖက်ဖက်မှ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံလူဦးရေ ထက်ဝက်ကျော်သည် အမျိုးသမီးများ ဖြစ်သောကြောင့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် နိုင်ငံတည်ဆောက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ အမျိုးသမီးများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အသေးစားချေးငွေ မတည်ပေးရာတွင် လက်တွေ့ကျကျ မိမိဒေသ၊ မိမိဓလေ့နှင့် အခြေအနေအရ ကိုက်ညီမည့် လုပ်ငန်းများကို ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည့် အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ ထူးချွန်သော်လည်း မိသားစုအခက်အခဲကြောင့်၊ ငွေကြေးအခက်အခဲကြောင့် အတန်းပညာ မသင်ယူနိုင်သူ များကို ပံ့ပိုးကူညီနိုင်ရေး၊ စာမတတ်သူ အမျိုးသမီးများကို စာတတ်စေရန် သက်ကြီး စာဖတ်ဝိုင်း၊ စာသင်ဝိုင်းများ ဆောင်ရွက်ပေးရေး၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေး တို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အလေးထားကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ယခင်နှစ်များက အတွေ့အကြုံများကို စံနမူယူပြီး အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။


နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီ ၂၆ရက်မှ စတင်ကာ ၃ ရက် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ပြီးခဲ့သည့်နှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် များမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးရေးအတွက် လက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော အဖွဲ့ဝင်များ၏ အတွေ့အကြုံ အခြေခံသော ဆွေးနွေးမှုများမှသည် ဆက်လက်လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment