Saturday, January 16, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့ကျင်းပကဏ္ဍအလိုက်ဆွေးနွေးမှုများ ဆက်လက်ဆွေးနွေး


နေပြည်တော် ဇန်နဝါရီ ၁၅
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ စတုတ္ထနေ့ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ဆက်လက်ကျင်းပလျက်ရှိရာ ယမန်နေ့က ဆွေးနွေးရန် ကျန်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍအလိုက် ဆွေးနွေးမှုများကို အစုအဖွဲ့ ၇ ဖွဲ့တွင် ပါဝင်သူများက ဆက်လက် ဆွေးနွေးကြသည်။

ရှေးဦးစွာ ဆွေးနွေးမှု ကဏ္ဍအလိုက်ပါဝင်သည့် သဘာပတိများက အမှာစကား ပြောကြားကြပြီး ညီလာခံ တတိယနေ့က မေးမြန်းခဲ့ကြသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခြင်း၊ အလှည့်ကျပြန်လည် ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသား အစုအဖွဲ့နှင့် ပါဝင်သင့်ပါဝင် ထိုက်သူများ အစုအဖွဲ့တို့၏ အဆိုပြုဆွေးနွေး ချက်များကို အကျိုးဆောင်အဖွဲ့က တင်ပြခြင်း၊ အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်း၊ ညီလာခံ နောက်ဆုံးနေ့၌ တင်သွင်းမည့် စာတမ်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံစုံညီအစည်းအဝေး နောက်ဆုံးနေ့တွင် ကဏ္ဍအလိုက် ဆွေးနွေး တင်ပြချက်များကို ကဏ္ဍတစ်ခုလျှင် ကိုယ်စားလှယ် ၃ ဦးစီဖြင့် ဖတ်ကြားသွားမည်ဖြစ်ပြီး အစိုးရအစုအဖွဲ့မှ ၂ ဦး၊ လွှတ်တော်အစုအဖွဲ့မှ ၂ ဦး၊ တပ်မတော်အစုအဖွဲ့မှ ၃ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ၃ ဦး၊ တိုင်းရင်းသား အစုအဖွဲ့မှ ၁ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ၃ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့မှ ၁ ဦး ရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment