Saturday, January 16, 2016

နာဂရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ ဆုရရှိသူများအား ပြည်ထောင်စု ဝန်ကြီးများက ဆုများ ပေးအပ်ချီးမြှင့်


လဟယ် ဇန်နဝါရီ ၁၅
နိုင်ငံတော်သမ္မတ၏ နာဂဒေသခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ဦးရဲမြင့် တို့သည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးရူစံကြူးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နာဂရိုးရာ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပသည့် လဟယ်မြို့ ရွှေပြည်သာအားကစားကွင်းသို့ သွားရောက်ကြည့်ရှု အားပေးကြသည်။

နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် ကျင်းပသည့် သံလုံးပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လွန်ဆွဲ၊ ချောတိုင်တက်၊ မီနီမာရသွန်ပြိုင်ပွဲများသို့ နာဂတိုင်းရင်းသား တိုင်းရင်းသူ ၂၅ဝ ကျော် ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် ဆုရရှိသူများအား ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဦးဝင်းထွန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး တို့သည် ကျလွေချောင်း အသေးစားရေအားလျှပ်စစ်စက်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် လဟယ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာများကို ဝန်ထမ်းများအား မှာကြားသည်။

ဆက်လက်၍ မြို့နယ်လျှပ်စစ်ရုံးတည်ဆောက်ပြီးစီးမှုနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

No comments:

Post a Comment