ကြယ်စင်သာ
(ဇန်နဝါရီ ၁၁ ရက်ထုတ် Nikkei Asia
Review တွင် ဖော်ပြခဲ့သော ဦးစိုးသိန်း၏ ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်အရ ဆီလျော်အောင်
ဘာသာပြန်ဆိုဖော်ပြလိုက်ပါသည်။)
၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီး
ခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲတွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီးဖြစ်သည်။ လက်ရှိအစိုးရ အဖွဲ့ တွင် ၂ဝ၁၁ ခုနှစ်
ကစပြီး တာဝန်ထမ်းဆောင်ခဲ့သော ကျွန်တော်သည် အဆိုပါ ရွေးကောက် ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှ ဉ်ပြိုင်ကာ ရွေးချယ်ခံခဲ့ရသဖြင့် မကြာမီစတင်တော့မည့် လွှတ်တော် အသစ်တွင်
အမတ်တစ်နေရာရရှိနေသည်။
ကျင်းပပြီးစီးခဲ့ပြီဖြစ်သော ၂ဝ၁၅ ခုနှစ်
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် ၂၅ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း ပထမဦးဆုံးကျင်းပသည့်
ရွေးကောက် ပွဲကြီးဖြစ်ခဲ့ပြီး လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်း ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံ များကပါ
ထောက်ခံကြိုဆိုခဲ့ကြသည်။ ထိုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြိုဆိုကြခြင်းမှာ ရွေးကောက်ပွဲရလဒ်ကြောင့်
လည်းဖြစ်ပါမည်။ အကယ်၍ လက်ရှိအစိုးရတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသူများ ပါဝင်သည့် ပါတီက
အများစုအနိုင်ရခဲ့ပါလျှင် ယခုကဲ့သို့ ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံကြိုဆိုမှုမျိုးရှိချင်မှ
ရှိပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အနိုင်ရရှိသူက မြန်မာနိုင်ငံတော် ကြီးနှင့် ပြည်သူ
များကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်သွားရမည်သာဖြစ်သည်။
လက်ရှိအစိုးရအဖွဲ့အနေဖြင့် သမိုင်းပေးတာဝန်ကို
အကောင်းဆုံး ထမ်းဆောင်နိုင် ခဲ့ကြောင်း သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သော
ဝန်ကြီးတစ်ဦးအနေဖြင့် ယုံကြည်မိပါသည်။
သို့သော်လည်း အစိုးရသစ်အဖွဲ့တွင် ပါဝင်ကြ
မည့်ပုဂ္ဂိုလ်များအနေဖြင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ် မှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်း
ရမည်ဆိုသည့် အချက်မှာလည်း ကြီးမားသည့်ပြဿနာဟု ရှုမြင်မိသည်။ ယင်းပြဿနာ နှင့်ပတ်သက်ပြီး
စင်ကာပူနိုင်ငံ၏ ဖခင်ဟုခေါ်ဆိုကြသော ပထမဦးဆုံးဝန်ကြီးချုပ် လီကွမ်ယု ၏ စကားအချို့ကို
သတိရနေမိသည်။ လီကွမ်ယုက နိုင်ငံများစွာရှိ ကိုလိုနီဆန့်ကျင်ရေးသမားများနှင့် သူရဲကောင်း
များ အနေဖြင့် လွတ်လပ်ရေးကို ရယူပေးခဲ့ကြပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ရရှိခဲ့ကြ
သော်လည်း နိုင်ငံတော်တည်ဆောက်ရေးတွင်မူ အောင်မြင်မှု မရရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော်
မတူညီသော လူတန်း စားများအကြား စည်းလုံးညီညွတ်မှု ထူထောင်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးနှင့်
ပြည်သူ များ၏ဘဝ မြင့်မားလာစေရေးဟူသော ကြိုးပမ်းမှုနှင့် လွတ်လပ်ရေး အတွက် ပြည်သူ့အားကို
စုစည်း ခြင်း၊ တိုက်ပွဲဝင်ခြင်းနှင့် အစိုးရတစ်ရပ်ကိုဖြုတ်ချခြင်း ဟူသော ကြိုးပမ်းမှုတို့မှာ
လုံးဝ ကွာခြား နေခြင်း ကြောင့်ဖြစ်ကြောင်း မိန့်ဆိုခဲ့သည်။
ထိုကဲ့သို့ လီကွမ်ယု၏စကားအချို့ကို ကိုးကားရခြင်းမှာ
ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး အတွက် လိုအပ်သည့်အရည် အချင်းမှာ ပြောင်မြောက်သော
အတိုက်အခံအဖွဲ့တစ်ဖွဲ့အတွက် လိုအပ်လျက် ရှိသော အရည် အချင်းနှင့် အလွန်ပင်ကွာခြားသည်ဟု
ယူဆခြင်းကြောင့်ဖြစ်ပါ သည်။ ဤသည်မှာ မြန်မာနိုင်ငံ ၏ ရှုပ်ထွေးသည့်အခြေအနေများတွင် အတိုက်အခံပါတီ
အနေဖြင့် ၂ဝ၁၁ ခုနှစ်အထိ ကျယ်ကျယ်ပြန့်ပြန့် မလှုပ် ရှားရခဲ့ခြင်းမှာ အဓိကကိစ္စရပ်ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ထူးခြားသော အခြေအနေများစွာ
ရှိသည့်အနက် အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။
အထိအရှမခံသောငြိမ်းချမ်းရေး
နိုင်ငံတွင်းရှိ စိန်ခေါ်မှုများနှင့် အချို့သောစိန်ခေါ်မှုများအနက်
အထူးအရေးကြီး လှသည့် ပထမဆုံး စိန်ခေါ်မှုမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု အစီအစဉ်ဖြစ် သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဆယ်စုနှစ် ခုနစ်ခု နီးပါးကြာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ
ချုပ်ငြိမ်းသွားရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စွာနှင့် ကာလရှည်ကြာညှိနှိုင်းဆွေးနွေး
ခဲ့ရသည်။ စိတ်ရှည် သည်းခံမှုဖြင့် ယုံကြည်မှုကို တည်ဆောက်ခဲ့ရသည်။ သို့သော်လည်း ငြိမ်းချမ်းရေးရရှိရန်အတွက်
လုပ်ဆောင်ရန် များစွာကျန်ရှိနေသေးသည်။
ယခုအဆင့် အထိ နိုင်ငံရေးအရွေ့တစ်ခုကို
ဖော်ဆောင်နိုင်ခဲ့သော နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ စေ့စပ်
ညှိနှိုင်းသူ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပါဝင်ကူညီခဲ့ကြသူများ အပါ အဝင်
နိုင်ငံရေးနယ် ပယ်မှ ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို အထူးလေးစား
ဂုဏ်ယူမိပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး
အဓိက ပြဿနာမှာ ဖက်ဒရယ်ဝါဒဖြစ်ပေ လိမ့်မည်။ မြန်မာနိုင်ငံတွင် သွင်ပြင်လက္ခဏာများ မတူညီကြသည့်
တိုင်းရင်းသား အများစုနေထိုင်သော ပြည်နယ် ခုနစ်ပြည်နယ် ရှိပြီး နိုင်ငံ၏ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများတွင်
ပါဝင်သည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၌ အဓိကဆွေးနွေးသည့် အချက်မှာ ဗဟို အစိုးရနှင့်
ပြည်နယ်များအကြား အာဏာကန့်သတ်ခွဲဝေ ထားသော ဖက်ဒရယ်အစိုးရ ဖွဲ့စည်းရေး ပင်ဖြစ်သည်။
စိုးရိမ်စရာတစ်ခုမှာ ဖက်ဒရယ်စနစ်ဖြစ်မလာဘဲ
မြေရှင်ပဒေသရာဇ်စနစ်ကဲ့သို့ ဘုရင်ငယ်လေးများ ပေါ်ပေါက်လာပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား
အားပြိုင်မှုဖြစ်လာနိုင်ခြင်းပင်ဖြစ်သည်။
ထိုပြည်နယ်သူ ပြည်နယ်သားများအနေဖြင့်
မိမိတို့မှ အသစ်ရွေးချယ် တင်မြှောက်လိုက်သော ကိုယ်စားလှယ် များကို သိရှိကြပါသလား။ အကယ်၍မသိရှိကြသေးပါလျှင်
ယင်းကိုယ်စား လှယ်များနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ကြပါဟု တိုက်တွန်းလိုပါသည်။
အရည်အချင်းကွာဟချက်
နောက်ထပ်အရေးကြီးသော ပြဿနာတစ်ခုမှာ အရည်အချင်းနည်း
ပါးမှုပင်ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဥာဏ်ရည်နည်း ပါးခြင်းကြောင့် မဟုတ်ဘဲ ကာလကြာရှည်စွာ
ပိတ်ဆို့ခံထားရသည့်အတွက် အတွေ့အကြုံ ဗဟုသုတနည်းပါးခြင်း၊ သက်ဆိုင်ရာဘာသာရပ်၌ ကျွမ်းကျင်
တတ်မြောက်သူရှားပါးခြင်းနှင့် အရည်အချင်း ရှိသော အလုပ် သမားများ လျော့နည်းသွားခြင်းတို့ဖြစ်သည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရန်အတွက် ဆိုပါလျှင်
မျိုးဆက်တစ်ခုအထိ ကြာမြင့်မည်ဖြစ်သည်။ ကျွမ်းကျင် အလုပ်သမားများမရှိခြင်း သည်လည်း ရှေ့ဆက်
သွားမည့် နိုင်ငံတော်အတွက် နာတာရှည် အခက်အခဲပုံစံ ကြုံရဖွယ်ရှိသည်။ ပို၍ဆိုးရွားသော
စိန်ခေါ်မှုတစ်ခုရှိ ပါသေးသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး နည်း ပညာနှင့် အင်တာနက်ကို
ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြသော ပြည်သူ များအနေဖြင့် ဖေ့စ်ဘွတ် ကဲ့သို့ သော လူမှုမီဒီယာ
ကွန်ရက်ကိုပို၍ အသုံးပြုလာကြသည်။ သို့သော် ကျန်းမာရေး၊ ပညာရေးနှင့် နေ့စဉ်လူနေမှု ဘဝ
တိုးတက်ရေးအတွက် အသုံးပြုသူ နည်းပါးလျက်ရှိပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ ပြစ်တင်ဝေဖန်
မှု၊ ကောလာဟလ ထုတ်လွှင့်မှုနှင့် အမုန်းတရားသယ်ဆောင်မှုတို့အတွက် အသုံးများ နေကြသည်ကို
တွေ့မြင် ရသည်။
ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်ပြီး
ဆန္ဒစောနေ သူများက တာဝန်ရှိသူများအပေါ် စိတ်ပျက်ဖွယ် ပြစ်တင် ဝေဖန်မှုများလည်းရှိနေသည်။
တာဝန်ရှိသူများအပေါ် အကောင်းထက်အဆိုးမြင်ကာ ဘာပဲလုပ်လုပ် အပြစ်တင် ဆဲဆိုနေကြသည်။
ဒီမိုကရေစီအစပျိုးလျက်ရှိသော မြန်မာနိုင်ငံရှိပြည်သူများမှာ
အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နှင့် တရားစီရင်ရေး များ၏ လုပ်ငန်းသဘာဝမတူညီမှုကို သတိပြုနားလည်ပုံမရပေ။
အစိုးရကိုသာ ဦးတည်ပြီး ပြစ်တင်ဝေဖန်လျက် ရှိကြသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပေါ်အမြင်မကြည်လင်မှု၊
စည်ပင်သာယာအပေါ် မကျေလည်မှုနှင့် တရားရေး အပေါ်မကျေနပ် မှုများဖြစ် ပေါ်လာပါကလည်း အစိုးရအဖွဲ့ကိုသာ
အပြစ်တင်ကြ သည်။
ထိုကဲ့သို့သော အဆင်အခြင်မဲ့ လုပ်ရပ်များက
နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်စစ်မှန်သော ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ဆူးငြောင့်ခလုတ်များပင်ဖြစ်သည်။
ရန်ကုန်မြို့လမ်းမပေါ်ရှိ ယာဉ်ကြော ပိတ်ဆို့မှုနှင့် ပတ်သက်၍လည်း အစိုးရကို အပြစ်တင်နေကြသည်။
ပြီးခဲ့သောနှစ်များက ယာဉ်တင်သွင်းမှု ကန့်သတ်ချက်များ ဖြေလျှော့ပေး ခဲ့ခြင်းနှင့်အတူ
ကားဝယ်ယူအသုံးပြုနိုင်သူ အရေအတွက် မြင့်တက် လာခဲ့သော်လည်း လမ်း စည်းကမ်း လိုက်နာမှုအပိုင်းတွင်
အားနည်းနေ ဆဲဖြစ်ရာ လမ်းပိတ်ဆို့ မှုများမှာ ပိုမိုဆိုးရွားလာခဲ့သည်။
စီးပွားရေးအခြေအနေ
မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်ရာတွင် အလုပ်အကိုင်များဖန်တီးမှုနှင့် ဝင်ငွေ တိုးအောင် ဖော်ဆောင်ပေးမှုများ
လိုအပ်ပေသည်။ ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ပို့ကုန်ပိုမိုတင်ပို့နိုင် ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး
သဘာဝဓာတ်ငွေ့နှင့် ကျောက်မျက် ရတနာ တစ်ခုတည်းအပေါ် အားကိုး အားထားမလုပ်သင့်ပေ။
Productivity မြှင့်တင်ရေးမှာ ထင်ထားသည်ထက်ပင် ပို၍ခက်ခဲနေသည်။ အခြေ အနေ အချိန်အခါနှင့်မကိုက်ညီဘဲ
အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ခဲ့မှုကြောင့် နိုင်ငံတွင်းစီးပွားရေး ပြုပြင်ပြောင်း လဲမှုအတွက်
အချိန်များစွာကြာမြင့်ပေဦးမည်။ လက်ရှိအနေအထားတွင် ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများသာ ဖွံ့ဖြိုးတိုးတက်မည့်အခြေအနေတွင် ရှိနေသည်။ အစိုးရသစ်အနေဖြင့်
လက်ရှိ ခင်းပြီးသား လမ်းပေါ်တွင် ဆက်လက်လျှောက်လှမ်း နိုင်မည်ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့်
အချိန်တို အတွင်း ရင်ပေါင်တန်းနိုင်ရန်မှာ အလွန်ပင်ခက်ခဲမည်ဖြစ်သည်။
နယ်စပ်ပြဿနာ
သံတမန်ဆက်ဆံရေးတွင် တရုတ်နိုင်ငံနှင့်
သံတမန် ဆက်ဆံရေးမှာ အထူးတလည်အရေးကြီးသော ကိစ္စ တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည်
နယ်နိမိတ်ချင်းရှည်လျားစွာ ထိစပ်နေကြသည်ဖြစ်ရာ နှစ်နိုင်ငံအကြားတွင် မဟာဗျူဟာကျသော
ပြဿနာ များစွာရှိနေသည်။ အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး ကြိုးပမ်းနေစဉ် ကိုးကန့်ဒေသ၌ ပဋိပက္ခ ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံနယ်စပ်တွင်
ခြေကုပ်ယူထားသော ကိုးကန့်၊ ဝ၊ ပလောင်နှင့် ကချင်အဖွဲ့တို့ သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူညီချက်စာချုပ် လက်မှတ်ရေး ထိုးရန် ငြင်းဆန် လျက်ရှိ သည်မှာ တိုက်ဆိုင်မှုတစ်ရပ်ဟု
ဆိုနိုင်မည်လား။ နိုင်ငံရေးနှင့် စီးပွားရေးပြဿနာများမှာ ဆက်စပ်လျက်ရှိ နေသည်။
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး
လုပ်ငန်းများ မြင့်မားလာမှုအပေါ် ကန့်ကွက်ဆန္ဒပြကြ ရာမှာ တရုတ်တို့ဦးဆောင်သည့်စီမံကိန်းများ
ထိခိုက်နစ်နာသွားခဲ့သည်။ လက်ရှိအစိုးရကာလအတွင်း လက်ပံတောင်း တောင် ကိစ္စကို ငါးနှစ်တိုင်ဖြေရှင်းခဲ့ရ
သော်လည်း မြစ်ဆုံစီမံကိန်းကိုမူ မဖြေရှင်းနိုင်သေးပေ။ အစိုးရသစ် အနေ ဖြင့် တရုတ်နိုင်ငံနှင့်
ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရင်း ဖော်ပြပါစိန်ခေါ် မှုများကို ကိုင်တွယ်
ဖြေရှင်းရမည်ဖြစ်သည်။
ပြည်နယ်များအရေး
ရခိုင်ပြည်နယ်အတွင်းရှိ လူမျိုးရေးပြဿနာများ
မှာလည်း ပို၍ပင်အလေးထားရမည့် ကိစ္စဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား
ယုံကြည်မှုများစွာ တည်ဆောက်ရမည်ဖြစ်သည်။ ယင်းကို အနိုင်ရပါတီတစ်ခု တည်းနှင့် လုပ်ဆောင်၍ရနိုင်မည်မဟုတ်ပေ။
ယုံကြည်မှုတည်ဆောက်ရေးကိစ္စမှာ ခက်ခဲနက်နဲပြီး ထိလွယ်ရှ လွယ်သည့် အရာတစ်ခုဖြစ်သည်။
ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်တစ်ဦးချင်း၏
အရည်အချင်း၊ အရည်အသွေး ဆိုသည် မှာလည်း ပြည်သူ ကရွေးကောက်ခြင်းဖြစ်၍ ပြည်သူနှင့်ထိုက်တန်သော
ကိုယ်စားလှယ်များပင်ဖြစ် သည်။ သို့သော်လည်း စီမံခန့်ခွဲမှုကျွမ်းကျင်ရေးတွင် သက်ဆိုင်သည့်
အတွေ့အကြုံမှာ မရှိမဖြစ်လိုအပ်ပါ သည်။ ဥပဒေပြု လွှတ်တော် တွင် ပြည်သူများ အတွက် မှန်ကန်ပြီးတရားမျှတသည့်
ဥပဒေများ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ် နိုင်ရန် အနည်းဆုံးအတွေ့အကြုံရှိရမည် ဖြစ်ပေသည်။
နိဂုံး
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများတွင်
မည်သည့်ပါတီက အနိုင်ရသည်ဖြစ်စေ ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ကျင်းပရမည်မှာ ဒီမိုကရေစီ၏ကျင့်စဉ်
ပင်ဖြစ်သည်။ မြန်မာပြည်သူများအနေဖြင့် ပေါ်ထွက် လာမည့်အစိုးရသစ်၏ နိုင်ငံတော်ကို ကောင်းမွန်စွာ
ထိန်းကျောင်းမောင်းနှင် မည်ဟူသော မျှော်လင့်ချက် ထားရှိကြသည်ဖြစ်ရာ အစွမ်းအစရှိသော
ပုဂ္ဂိုလ်များက အစိုးရနှင့်လွှတ်တော်ကို ထိန်းကျောင်း လိမ့်မည်ဟု မျှော်လင့် ရပေသည်။
(ဦးစိုးသိန်းသည် သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးတစ်ဦးဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညှိနှိုင်းရေး
ဝန်ကြီးတစ်ဦးလည်းဖြစ်သည်။ ကယားပြည်နယ်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ်
နိုဝင်ဘာလက ရွေးချယ်ခံခဲ့ရသည်။)

No comments:
Post a Comment