Tuesday, January 26, 2016

စစ်ကိုင်း တိုင်းဒေသကြီး အတွင်းရှိ ညောင်ကန် ကြေးခေတ် နေရာတွင် ရှေးဟောင်းသုတေသန တူးဖော်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော်  ဇန်နဝါရီ ၂၆.
ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန် ကျေးရွာနှင့် အုတ်အိုင် ကျေးရွာများရှိ ကြေးခေတ် ယဉ်ကျေးမှု သုတေသန တူးဖော်ရေး လုပ်ငန်းခွင်များသို့ ဇန်နဝါရီ(၂၄)ရက်က သွားရောက်လေ့လာ ကြည့်ရှု စစ်ဆေးသည်။

ညောင်ကန်နှင့် အုတ်အိုင် ကျေးရွာများအနီးရှိ ကြေးခေတ်ယဉ်ကျေးမှု သုတေသန တူးဖော်မှုများကို ဇန်နဝါရီ လအတွင်း၌ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေး ဌာနခွဲမှ ဝန်ထမ်းများ၊ ပညာရေး ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန ပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ပြင်သစ်နိုင်ငံမှ ရှေးဟောင်း သုတေသန ပညာရှင် Dr. Thomas Oliver Pryce (ဒေါက်တာ သောမတ်စ် အိုလီဗာပရိုင်စ်) ဦးဆောင်သော ပညာရှင် (၈) ဦး တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ညောင်ကန်နှင့် အုတ်အိုင် ကျေးရွာများ အနီးတူးဖော်မှု ကြေးခေတ် ယဉ်ကျေးမှု တူးဖော် သုတေသနပြုရာတွင် ညောင်ကန် တူးဖော်မှု လုပ်ငန်းတွင် (၃) နေရာနှင့် အုတ်အိုင် တူးဖော်မှု လုပ်ငန်းတွင် (၃)နေရာ စုစုပေါင်း (၆) နေရာကို တူးဖော်သုတေသန ပြုလုပ်လျက်ရှိကြောင်း၊ ညောင်ကန် တူးဖော်မှုမှ တွေ့ရှိရသော လူအရိုးများနှင့် အတူ မြှုပ်နှံထားရှိသော အိုးအင်ခွက်ယောက်များ၊ ပုတီးစေ့များ၊ ကျောက်ကွင်းများ၊ ကျောက်ကွင်း အဝိုင်းပြား များနှင့် ပုတီးစေ့ ထုတ်လုပ်ရာ နေရာမှ တွေ့ရှိရသော ကျောက်နမူနာများနှင့် ကျောက်လက်နက်များတွေ့ရှိမှုကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dr. Thomas Oliver Pryce နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ညောင်ကန် ကြေးခေတ် ယဉ်ကျေးမှု သုတေသနကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၉၈ ခုနှစ်ကပင် စတင်တူးဖော်ခဲ့ပြီး မြန်မာနိုင်ငံ သမိုင်းတွင် ကွက်လပ် ဖြစ်နေသော ကြေးခေတ် ယဉ်ကျေးမှု အထောက်အထားများ စတင် တွေ့ရှိခဲ့ရသည်။ ယခု သုတေသန တွေ့ရှိချက်များအရ ညောင်ကန်နှင့် အုတ်အိုင်ဒေသ တစ်ဝိုက်ရှိ ကြေးခေတ်ယဉ်ကျေးမှု ဒေသကြီးမှာ အရှေ့တောင် အာရှတွင် အကြီးဆုံးနေရာ တစ်ခုအဖြစ် တွေ့ရှိရပြီး ကြေးခေတ် ယဉ်ကျေးမှု အမွေအနှစ်များမှာ လယ်မြေ၊ ယာမြေများ အောက်တွင် တည်ရှိနေသဖြင့် ထိုဒေသအတွင်းရှိ ထွန်ယက် စိုက်ပျိုးမှုများ၊ မြေယာရှုခင်း အလှသဘာဝ အနေအထားများကို ထိန်းသိမ်းထားရှိရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကြေးခေတ် ယဉ်ကျေးမှု ဓလေ့သည် အရှေ့တောင်အာရှရှိ အိမ်နီးချင်းနိုင်ငံများ၏ ကြေးခေတ် ယဉ်ကျေးမှု ဓလေ့နှင့် ထပ်တူနီးပါး လုံးဝမတူဘဲ ကွဲပြားခြားနားသော ဝိသေသ လက္ခဏာများ ရှိကြောင်း၊ မြန်မာ့ကြေးခေတ် ယဉ်ကျေးမှုသည် မြန်မာ့သမိုင်းတွင် ရှိခဲ့သော ကျောက်ခေတ်ယဉ်ကျေး မှုကဲ့သို့ပင် စဉ်ဆက်မပြတ် တိုးတက် ပြောင်းလဲလာသော အစဉ်အလာအတိုင်း ကူးပြောင်းခဲ့သည်ဟု ယူဆနိုင်ကြောင်း တင်ပြခဲ့သည်။ ယခုတူးဖော်မှုမှ တွေ့ရှိရသော အထောက်အထားများကို အဖွဲ့တွင် ပါဝင်သော သတ္တဗေဒ၊ မနုဿ ဗေဒစသည့် ပညာရှင်များက မိမိတို့၏ ရှုထောင့် အသီးအသီးမှ လေ့လာသုတေသန ပြုမည်ဖြစ်ပြီး ညောင်ကန် ကြေးခေတ် ယဉ်ကျေးမှု၏ သက်တမ်းကိုလည်း သိရှိနိုင်ရန် သိပ္ပံနည်းပညာများဖြင့် ဆက်လက် လေ့လာသွားမည် ဖြစ်ကြောင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက တူးဖော်မှု လုပ်ငန်းခွင်များကို လှည့်လည်ကြည့်ရှုပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိသော ကြေးခေတ်ယဉ်ကျေးမှု သုတေသန တူးဖော်မှုသည် မြန်မာသမိုင်းစဉ်ကို ဖော်ပြရာတွင် သမိုင်းကွက်လပ်များကို  ပြန်လည်ဖြည့်ဆည်း ပေးနိုင်သည့် အတွက် အလွန် အရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် ကျောက်ခေတ် ယဉ်ကျေးမှုအဆင့် အဆင့်နှင့် သံခေတ် ယဉ်ကျေးမှုအကြားရှိ ကြေးခေတ် ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြသည့် အထောက်အထား များကို ပိုမိုရရှိစေခဲ့ပြီး၊ မြန်မာ့ကြေးခေတ် ယဉ်ကျေးမှု နေရာ အခင်းအကျင်းနှင့် ဓလေ့စရိုက်များကို ပိုမို နားလည်စေခဲ့ကြောင်း၊ ယခုတူးဖော်ရရှိသော အထောက်အထားများကို အခြား ဒေသများတွင် တူးဖော်လျက်ရှိသည့် ကြေးခေတ်-သံခေတ် ယဉ်ကျေးမှု အထောက်အထားများနှင့် နှိုင်းယှဉ် လေ့လာရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကြေးခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သက်တမ်းကို သိပ္ပံနည်းကျ စမ်းသပ် အတည်ပြုနိုင်မည် ဖြစ်သောကြောင့် ပိုမိုတိကျသော သုတေသန ရလာဒ်များကို ရရှိလာစေနိုင်မည် ဖြစ်ကြောင်း၊ နောင်တွင်လည်း နိုင်ငံတကာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ကြေးခေတ်-သံခေတ် ယဉ်ကျေးမှု သုတေသန တူးဖော်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက် သွားနိုင်မည်ဖြစ်ပြီး၊ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ သိပ္ပံနည်းကျ လေ့လာသော သုတေသနပြုခြင်း၊ သုတေသန စာတမ်းများ ရေးသားခြင်း၊ ဖတ်ကြားခြင်း၊ ထုတ်ဝေခြင်းများ ဆက်လက်ဆောင်ရွက် စေလိုပါကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment