Monday, January 18, 2016

ကလေးစာပေဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် လူတော်လူကောင်းတွေဖြစ်အောင်လမ်းပြပေးနိုင်မယ်




ရန်ကုန် ဇန်နဝါရီ ၁၇

ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ကျင်းပသည့် နိုဘယ်-မြန်မာ စာပေပွဲတော်(၂ဝ၁၆) ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ MYANMAR EVENT PARK တွင် ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီမှစတင်၍ သုံးရက်ကြာ ကျင်းပလျက်ရှိသည်။

အဆိုပါပွဲတွင် စာအုပ်ဆိုင် ၁ဝဝ ကျော်က ရသစုံစာအုပ်စာပေများကို ရောင်းချနေသည့်အပြင် ရင်သွေး ငယ်များအတွက် ကဗျာရွတ် စွမ်း ရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပြည်တွင်း ပြည်ပ စာပေပညာရှင် တို့၏စာပေဟောပြောပွဲများ၊ စာရေး ဆရာ၊ ကဗျာဆရာတို့၏ဝတ္ထု ဖတ်ပွဲ၊ ကဗျာဖတ်ပွဲများ၊ စာရေးဆရာ ဆရာမများ ပါဝင်သရုပ်ဆောင်ထား ကြသည့် တေးသရုပ်ဖော် ဇာတ်လမ်း များ၊ အနုပညာရှင်များ၏ ဖျော် ဖြေခြင်း အစီအစဉ်များပါဝင်လျက် ရှိရာ ယင်းစာပေပွဲတော်နှင့်ပတ်သက် ၍ စာရေးဆရာများ၊ စာပေဝါသနာ ရှင်များနှင့် ကျောင်းသား ကျောင်း သူများ၏ ရင်တွင်းပီတိစကားသံ များကို ဖော်ပြပေးလိုက်ပါသည်။

ဒေါက်တာခင်မောင်ညို

နိုဘယ်-မြန်မာ စာပေပွဲတော် ဆိုတာက နိုဘယ်ဆုရတဲ့ စာပေပညာ ရှင်တွေရဲ့ စာအုပ်တွေကို ပြည်သူ တွေ သတိပြုမိအောင် နိုဘယ် စာပေဆိုတာဘာလဲ၊ နိုဘယ်ဆုရ အောင်ဘာတွေလုပ်ရလဲ၊ ဒီဆုက ငွေတွေအများကြီးပေးပြီး ကမ္ဘာသူ ကမ္ဘာသားတွေကို အကျိုးပြုမယ့် အကြောင်းအရာတွေကို ပြည်သူ တွေသိအောင်ပြောပြချင်တာ။ နိုင်ငံ ရေးစာပေ၊ ရသစာပေ၊ သတင်း စာပေစတဲ့ စာပေမျိုးစုံပါဝင်တယ်။ ဒီမိုကရေစီအပြောင်းအလဲမှာ မနှစ်က နိုင်ငံရေးစာပေကို အလေးပေး ပြီးတော့ စာပေပွဲတော်မှာဖော်ပြ ခဲ့တယ်။ ဒီနှစ်ကတော့ ကလေး စာပေကို အဓိကထားလုပ်ဆောင်မှာ ဖြစ်တယ်။

ကမ္ဘာ့အကြောင်းအရာ တွေကိုရေးပြီး နိုဘယ်ဆုတွေရကြ တာပါ။ မြန်မာပြည်က စာရေးဆရာ တွေကလည်း မညံ့ကြပါဘူး။ တော် ကြတယ်။ အရှေ့တောင်အာရှစာပေ မှာ ဆုရတာမတွေ့သေးဘူး။ စာပေ ဆုရနိုင်တဲ့ စာရေးဆရာတွေ အများ ကြီးရှိတယ်။ ဥပမာ-လူထုဦးလှတို့ ရေးတဲ့ မူရင်းစာပေတွေဆိုရင် နိုဘယ်ဆုရတဲ့ စာပေတွေထက် တော့ မညံ့ဘူး။ အနည်းဆုံးမီတယ်။ လူထုဦးလှဆိုရင် ကလေးစာပေတွေ အဓိကထား လုပ်ဆောင်ခဲ့တယ်။ မြန်မာ့ရိုးရာစာပေတွေကို လုပ်ဆောင် ခဲ့တာကြောင့် နိုဘယ်ဆုနဲ့ထိုက်တန် တဲ့သူတွေဖြစ်တယ်။ အိန္ဒိယက တဂိုးတို့၊ အာရှတိုက်မှာဂျပန်က နိုဘယ်ဆုရတယ်။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်က Nobel Peace Prize ငြိမ်းချမ်းရေးဆုရ ခဲ့တယ်။ မနှစ်က ငြိမ်းချမ်းရေးနဲ့ ပတ် သက်တဲ့ စာပေတော်တော်များများ တင်ပြခဲ့တယ်။ 

ဒီလိုနိုဘယ်ဆုရအောင် လို့ ကလေးတွေကို သင်ကြားပြုစု ပျိုးထောင်ရမယ်။ ကလေးတွေကို စာဖတ်တဲ့အကျင့်က ကလေးဘဝ က တည်းက စတင်ပြုစုပျိုးထောင်ရမယ် ဆိုတာကို အဓိကလုပ်ဆောင်ကြတဲ့ ပွဲဖြစ်တယ်။ ကလေးစာပေတွေကို ကလေးတွေနဲ့ ထိုက်တန်တဲ့ပုံစံမျိုး မြန်မာတွေသိအောင် လုပ်ပေးသွား မယ်။ ပုံနှိပ်ထုတ်ဝေရာမှာလည်း ပုံစံအမျိုးမျိုးနဲ့ စဉ်းစားနေကြတယ်။ အရုပ်နည်းနည်း စာများများ၊ အရောင်စုံဖို့ ကလေးတွေဖတ်ချင် စဖွယ်ဖြစ်အောင် လုပ်ဆောင်ပေးမယ်။ စာအုပ်တွေက ဈေးကြီးလာတာ ကြောင့် တစ်ဖက်နဲ့တစ်ဖက်အကျိုးရှိ အောင် အခြေအနေကောင်းတွေရ အောင် ကြိုးစားနေပါတယ်။

နိုဘယ်-မြန်မာ စာပေပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ
ဆရာဖေမြင့်

နိုဘယ်-မြန်မာ စာပေပွဲတော်ကို မနှစ်က ကျင်းပတဲ့ အခါမှာ နိုင်ငံရေး စာပေကိုအလေးပေးခဲ့ပြီး ဒီနှစ်က တော့ ကလေးစာပေ ဖွံ့ဖြိုးတိုးတက် ရေးကို အထူးပြုပါတယ်။ တိုင်းပြည် မှာ လူငယ်တွေက အီလက်ထရွန်နစ် တွေနဲ့ အချိန်ကုန်နေကြတယ်။ စာမဖတ်ကြတော့ဘူးလို့ ပြောဆိုနေ တဲ့ ကာလမှာ ကလေးတွေစာဖတ် ဖို့အတွက် ကလေးဘဝကတည်းက စာဖတ်ဝါသနာ ပြုစုပျိုးထောင်ပေးဖို့ က အကောင်းဆုံးပဲ။ ကလေးစာပေ တွေကို အစဉ်အဆက်ရေးသားကြတဲ့ စာရေးဆရာတွေက ကလေးတွေ ကိုယ်ကျင့်တရားကောင်းဖို့ ဒါကို အဓိကထားပြီး ဇောင်းပေးရေးလေ့ရှိ တယ်။ အထူးသဖြင့် ပုံပြင်တွေနဲ့ ကလေးတွေသတ္တိရှိဖို့၊ အသိဉာဏ် ပညာကြွယ်ဝဖို့၊ လိမ္မာရေးခြားရှိဖို့၊ လောကကြီးမှာ အခြားကောင်းသော သူ မကောင်းသောသူတွေရှိတယ်ဆို တဲ့ အနေအထားလေးကို မြင်အောင် အသိပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးကြတာ။ အခုခေတ်မှာ ပုံပြင် ဇာတ်လမ်းတွေတင်မက သဘာဝ ပတ်ဝန်းကျင် လောကကြီးနဲ့ ပတ် သက်တဲ့ သိသင့်သိထိုက်တာတွေကို စိတ်ဝင်တစား ရေးသားနေကြတာ တွေ့ရပါတယ်။

ဦးတင်မောင်သန်း
(ရန်အောင်စာပေနှင့် ထုတ်ဝေသူ)

မနှစ်က အတွေ့အကြုံအရ ဆိုရင် လူငယ်တွေ တော်တော်လာ ကြတယ်။ လူငယ်တွေစာဖတ်အား နည်းတယ်လို့ ပြောကြပေမယ့် ဒီလို ပွဲတွေကျင်းပပေးတဲ့အခါမှာ အများ ကြီးပဲလာကြတယ်။ ထုတ်ဝေသူနဲ့ ဖြန့်ချိသူ အနေနဲ့လည်း ဒုတိယ အကြိမ်ကျင်းပတာ ဖြစ်ပါတယ်။ စာဖတ်သူတွေအတွက် ဒီလိုပွဲတွေ အများကြီးလုပ်ပေးဖို့ လိုအပ်ပါ တယ်။ ဒါမှလည်း စာချစ်သူတွေ အများကြီးရောက်လာမှာပါ။ ဒီနှစ် ကျင်းပတဲ့နေရာက သွားလာရလွယ် ကူတဲ့နေရာဆိုတော့ စာပေချစ်သူ တွေအနေနဲ့ အများကြီးလာမယ်လို့ မျှော်လင့်ထားပါတယ်။ လူငယ် အများစုကတော့ တက်ကျမ်းတွေ၊ ဘဝသရုပ်ဖော်စာပေတွေကိုကြိုက်ကြ တယ်။ အခုပွဲကတော့ ကလေးသူ ငယ်တွေကို အဓိကထားပြီး စာပေ ဖွံ့ဖြိုးအောင် လုပ်တဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးကို ရန်ကုန်မှာ တစ်နှစ်ကို နှစ်ကြိမ်လောက် လုပ်သင့်တယ်လို့ မြင်ပါတယ်။ လာရောက်တဲ့ ကလေး ငယ်တွေအတွက်လည်း ဖျော်ဖြေပွဲ နဲ့ ဗဟုသုတဖြစ်စေတဲ့ ပြဇာတ်တွေ လည်း ထည့်သွင်းထားတဲ့အတွက် အများကြီး အကျိုးရှိမှာပါ။

ဒေါ်နန်းအိအိဇာ
(သရဖူ မဂ္ဂဇင်း အယ်ဒီတာချုပ်)

အန်တီက ဒီပွဲမှာ ပြန်ကြားရေး အနေနဲ့လည်းပါတယ်။ တေးသရုပ် ဖော်ကဏ္ဍမှာလည်း ပါဝင်ကပြမှာ ပါ။ မနှစ်တုန်းကတော့ ငြိမ်းချမ်းရေး အတွက်ဆိုပြီးလုပ်တယ်။ ဒီနှစ်က ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီးလုပ်တဲ့ပွဲပါ။ ကလေးစာပေဆိုရင် လူကြီးတွေ စိတ်ဝင်စားမှုနည်းတယ်။ တကယ် ဆိုရင် ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုတဲ့ စကားအတိုင်း နောင် မှာ တိုင်းပြည်အုပ်ချုပ်မယ့်သူတွေ ဖြစ်တဲ့အတွက် အသိÓဏ်ဖွံ့ဖြိုးဖို့ လိုပါတယ်။ ဒါ့ကြောင့် သူတို့လေး တွေကို လူတော်လူကောင်းလေး တွေဖြစ်အောင် စာပေကတစ်ဆင့် လမ်းပြပေးနိုင်မယ်လို့ ယုံကြည် တယ်။ ကလေးငယ်တွေကို အိပ်ရာ ဝင်ပုံပြင်လေးတွေ ဒါမှမဟုတ် စာပေကို များများဖတ်ချင်လာအောင် လုပ်ပေးပါလို့ အကြံပြုချင်ပါတယ်။

မင်းချမ်းမွန် (စာရေးဆရာ)
ဒီလိုပွဲမျိုးက ကျွန်တော်တို့နိုင်ငံ မှာဖြစ်သင့်တာကြာပါပြီ။ ဘာကြောင့် လဲဆိုတော့ အထူးလိုအပ်ချက် တစ်ခုဖြစ်နေလို့ပါ။ ကျွန်တော်တို့ တိုင်းပြည်မှာ လိုအပ်နေတာ ကလေး စာပေတွေဖြစ်တယ်။ ပျောက်ဆုံး နေတာ နှစ်ပေါင်း ၅ဝ လောက်ကြာ ခဲ့ပါပြီ။ အရင်စာပေပွဲတွေက လူကြီးတွေပဲ ပါဝင်တဲ့ပွဲဖြစ်တယ်။ အခုပွဲကတော့ ကလေးတွေအတွက် ဦးစားပေးစီစဉ်ထားတဲ့ ပွဲဖြစ်ပြီး သူတို့စိတ်ဝင်စားမယ့် အစီအစဉ်တွေ လည်း ပါဝင်တဲ့အတွက် ထူးခြားတဲ့ ပွဲလေးဖြစ်ပါတယ်။ ဒီနေရာကို ရောက်လာရင် စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေတောင် ပြန်လည်ရှင်သန် လာမယ့်ပွဲပါ။ အခုလိုမျိုး ကလေးတွေ အတွက် ပွဲတွေကိုများများလုပ်ပေး ဖို့လိုတယ်။ ကျွန်တော်တို့လည်း တတ်စွမ်းသရွေ့ပါဝင် ဆောင်ရွက် သွားမှာပါ။

မောင်ခေတ်ထွန်း
(ကလေးစာပေများရေးသားသူ)

ကျွန်တော် စာပေရေးသားတဲ့ အခါမှာ ကလေးတွေကို အဓိကထား ပြီးရေးသားခဲ့တာ နှစ်ပေါင်း ၃ဝ ကျော်ပါပြီ။ ငယ်စဉ်မှာကတည်းက စာပေကိုစိတ်ဝင်စားရင် လူတော် လူကောင်းလေးတွေ ဖြစ်စေလိုတဲ့ စိတ်နဲ့ သူတို့လေးတွေအတွက် ရေးသားခဲ့တာပါ။ ကလေးစာပေက မြန်မာပြည်မှာအများကြီး လိုအပ်နေ ပါတယ်။ ငယ်ရွယ်စဉ်မှာ စာကောင်း ပေမွန်တွေကို ရွေးပြီးဖတ်တတ်ဖို့ အရေးကြီးပါတယ်။ အခုလိုပွဲမျိုးတွေ ရှိတော့ ကလေးတွေ စာများများ ဖတ်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ စာဖတ်အားကောင်းလာပြီး စာ ကောင်းပေမွန်တွေ ဖတ်လာရင် အတွေးအခေါ်တွေ ရင့်ကျက်လာပြီး တိုင်းပြည်အတွက်လည်း အများကြီး အကျိုးရှိလာမယ် ထင်ပါတယ်။

ဆရာမ ဒေါ်နီနီဝင်း (အလက-၈ လှိုင်)

ဒီလိုပွဲမျိုးကို ကလေးတွေစိတ်ဝင် စားကြတယ်။ ကလေးစာပေလေး တွေလည်း အစုံတွေ့ရတော့ တော် တော်စိတ်ဝင်စားတာ တွေ့ရတယ်။ ဒီလိုပွဲမျိုးကိုမြင်ရတော့ အလွန် ဝမ်းသာတယ်။ ကလေးတွေဆိုရင် စာအုပ်တွေမြင်ပြီး စိတ်ဝင်တစားဖတ် ချင်နေကြတယ်။ အခုဆိုရင်ကလေး တွေက စာအုပ်တွေကို ဝယ်ချင်နေ တယ်။ စာပေတွေအပေါ်မှာ သူတို့ ဘယ်လောက် စိတ်ဝင်စားနေတယ် ဆိုတာကို မြင်ရတာနဲ့တင် စာဖတ် ရှိန်တွေ မြင့်လာလိမ့်မယ်လို့ ယုံ ကြည်ပါတယ်။ သူတို့လေးတွေရဲ့ ပုံစံကို မြင်ရတာနဲ့တင် ဒီပွဲရဲ့အပေါ် မှာ တန်ဖိုးဖြတ်လို့မရပါဘူး။ နောက် နောင်ကျရင် ဒီထက်ကောင်းတဲ့ ပွဲတွေဖြစ်လာမယ်လို့လည်း မျှော် လင့်ပါတယ်။

မစုရတနာ (အလက-၈ လှိုင်)

သမီးတို့က ဒီပွဲမှာစာအုပ်တွေ ကို လေ့လာရင်းနဲ့ ကဗျာလာပြိုင် တာပါ။ ပျော်ဖို့ကောင်းပါတယ်။ ဒီမှာစာအုပ်တွေ အမျိုးမျိုးတွေ့ တော့ဖတ်ချင်စိတ် ပိုပေါက်လာ တယ်။ သမီးကတော့ ကလေးပုံပြင် စာအုပ်တွေကြိုက်ပါတယ်။ အင်္ဂလိပ် စာကို ဘာသာပြန်ထားတဲ့ စာအုပ် ဆိုပိုကြိုက်ပါတယ်။ နောက်ရက်တွေ ကျရင် စာအုပ်တွေဝယ်ဖို့ လာဦး မှာပါ။

ဝေယမုံဖူး (လာရောက်လေ့လာသူ)

ဒီစာပေပွဲတော်ကြီးက ကြုံတောင့် ကြုံခဲပွဲတော်ကြီးပါ။ စာအုပ်တွေ လည်းများတယ် ဈေးလည်းသက်သာ လို့လာခဲ့တာပါ။ စာအုပ်တွေက တော်တော်စုံတယ်။ လူတန်းစား မရွေးလည်း ဖတ်နိုင်တဲ့ ဈေးနှုန်း တွေဖြစ်လို့ အများကြီးအားပေးဖြစ် ခဲ့ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ဟိုတုန်းက စာအုပ်တွေတွေ့ခဲ့ရတာ ပါပဲ။ ဒီလိုပွဲတော်တွေများများလုပ် ပေးနိုင်ရင် မြန်မာပြည်သူတွေရဲ့ ဉာဏ်ပညာတိုးတက်မှုတွေ အများ ကြီးဖြစ်လာမှာပါ။

တွေ့ဆုံမေးမြန်း-၀င်းဝင်းမော်၊ဇော်ကြီး(ပဏီတ)၊ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment