နေပြည်တော် ဇန်နဝါရီ ၁၇
လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့်
ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်တို့သည် ဇန်နဝါရီ ၁၆
ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကုက္ကိုဝမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာတွင်
တည်ဆောက် အကောင်အထည်ဖော်လျက် ရှိသည့် ရေထိန်းတံခါး တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
ရှင်းလင်းဆောင်၌ ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် စီမံကိန်းညွှန်ကြားရေးမှူး ဦးသန်းဌေးတို့က
အလျား ရှစ်ပေ၊ အနံ ခြောက်ပေရှိ Falp Gate အမျိုးအစားရေတံခါး ၁၄ ပေါက်၊ အလျား ၁၅ ပေ
၆ လက်မ၊ အနံ ၁ဝ ပေ ၆ လက်မရှိ Radial Gate အမျိုး အစားပါ ရေတံခါးခုနစ်ပေါက် တပ်ဆင်နေမှုအခြေအနေနှင့်
မဲဇလီ(၂) ရေထိန်းတံခါး တည်ဆောက်ရေး အကောင်အထည်ဖော် ပြီးစီးပါက ကုက္ကိုဝမြစ်မှ ရေချိုများကို
ပန်းလှိုင် မြစ်ကြောင်း ဝဲယာတစ်လျှောက်ရှိ လယ်မြေဧက ၄ဝဝဝဝ ကို စိုက်ပျိုး ရေလိုအပ်ချက်ဖြည့်ဆည်းနိုင်မည့်
အခြေအနေနှင့် နှစ်စဉ် ရေကြီးနစ်မြုပ် မှုမှ ကာကွယ်နိုင်မည့် အခြေအနေ များကို မြေပုံဇယားကားချပ်များဖြင့်
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင် အတွင်း အခြေခံအဆောက်အအုံများ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုနှင့်
ရေထိန်းတံခါးတပ်ဆင်ရန် အသင့်ဖြစ် နေမှုများကို ကဏ္ဍအလိုက်ကြည့်ရှု၍ ကုက္ကိုဝမြစ်နှင့် ပန်းလှိုင်မြစ်ဆုံနေရာ
သို့ရောက်ရှိပြီး မြစ်အတွင်းသင်္ဘော ကြီးများ၊ ကုန်တင်ရေယာဉ်များ ချောမွေ့စွာကူးသန်းနေမှုကို
စစ်ဆေး ကြည့်ရှုပြီးနောက် ကုက္ကိုဝမြစ်ကမ်း ပေါ်တွင် ပင်လယ်ထွက်ပေါက်နှင့် ဆက်စပ်သည့်
ကုန်တင်ရေယာဉ်များ ရပ်နားစခန်း၊ ခေတ်မီဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းသည်။
ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့ ဧရာဝတီ မြစ်ကမ်းပတ်တာသို့ ရောက်ရှိကြပြီး
ရေကျဆင်းသွားသည်နှင့် တစ်ပြိုင်တည်း မြစ်ကမ်းရေထိန်းတာ အလျားပေ ၃၅ဝ၊ အနံပေ ၈ဝ လျှောကျပြိုကျ
နိမ့်ဆင်းသွားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ လာမည့်မိုးရာသီ မတိုင်မီ ခိုင်မာသော
ရေတားတမံ တည်ဆောက်ရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များသည် သာမန်ဖြစ်လေ့ဖြစ်ထရှိ သည့် နှစ်စဉ်မိုးရာသီရေကြီးနစ်မြုပ်မှု
အန္တရာယ်သာမက ၂ဝ၁၅ ခုနှစ် အတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး သဘာဝလွန်ကဲ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း အတွင်းဖြစ်ပေါ်ခဲ့သော ရေကြီးနစ်မြုပ် မှုများမဖြစ်စေရန်၊
မြစ်ကြောင်း တစ်လျှောက်၌ သဘာဝဘေး အန္တရာယ်ကို ရေရှည်ကာကွယ်နိုင်ရန် လုပ်ငန်းအစီအမံများ
ရေးဆွဲ ဆောင်ရွက်အကောင်အထည်ဖော်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ပြိုကျ၊ လျှောကျ၊
နိမ့်ကျ ပျက်စီးနေသည့် ရေထိန်းတာများကို လည်းကောင်း၊ အသစ်တည်ဆောက်ဆဲ ကွန်ကရစ်တာများကို
လည်းကောင်း လုပ်ငန်းခွင် တစ်ခုချင်းအလိုက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပန်းလှိုင်ရေထိန်း တံခါးသို့ ရောက်ရှိကြပြီး ရေထိန်း တံခါး အသုံးပြုဆောင်ရွက်နေမှုများကို
ကြည့်ရှုပြီး ဒေသအတွက် ရေရှည် ထိထိရောက်ရောက် အသုံးချနိုင်ရန် အတွက် မွမ်းမံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို
ပိုမိုတိုးတက်ကောင်းမွန် အောင် ဆက်လက်ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

No comments:
Post a Comment