နေပြည်တော် ဇန်နဝါရီ ၂၀
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ အခြေခံစာရင်းအင်း အသုံးပြုမှုသင်တန်းဆင်းပွဲ အခမ်းအနားကို
ယနေ့ နံနက် ၈ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်
နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် မူဝါဒ၊ ဆုံးဖြတ်ချက်များ
မှန်ကန်စွာ ချမှတ်နိုင်ရန် စာရင်းအင်း အချက်အလက်များ အရည်အသွေးပြည့်ဝရန် လိုအပ်သည့်အတွက်
စီးပွားရေးမူဝါဒ (၄) ရပ်တွင် “စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေး”
ကို မူဝါဒ တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတိုင်းတွင် စာရင်းအင်း
ကောက်ယူခြင်း၊ စုစည်းခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပြန်ခြင်း လုပ်ငန်းများကို သေချာစွာ
ဆောင်ရွက်နိုင်ရန် ခိုင်မာသည့် စာရင်းအင်းဆိုင်ရာ မူဝါဒ၊ စာရင်းအင်းဥပဒေ၊ မဟာဗျူဟာများချမှတ်
ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း စာရင်းအင်းဆိုင်ရာမူဝါဒ၊ ဥပဒေနှင့်
စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ မူဘောင်(National
Strategy for Development of Statistics- NSDS) ကို ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၅၂
ဗဟိုစာရင်းအင်းစစ်တမ်း ကောက်ယူရေး အာဏာပိုင် အက်ဥပဒေဖြင့် ကျင့်သုံးဆောင်ရွက်ခဲ့ရာ
ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိတော့သည့်အတွက် မြန်မာနိုင်ငံ စာရင်းအင်းဥပဒေ (မူကြမ်း)
ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း၊
စာရင်းအင်းအရည်အသွေး ပိုမိုပြည့်စုံ တိကျမှန်ကန်ရေးအတွက်
ဗဟိုစာရင်းအင်းအဖွဲ့ကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ထိ တိုးချဲ့ဖွဲ့စည်းခဲ့ရာ
ယခုဘဏ္ဍာနှစ်အတွင်း (ခ) အဆင့်မြို့နယ်များအထိ တိုးချဲ့သွားမည် ဖြစ်ပြီး (ဂ) အဆင့် မြို့နယ်များကိုလည်း
တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း။
စာရင်းအင်းမှူးများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသရှိ
စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ တာဝန်ထမ်းဆောင်ရာတွင်
စာရင်းဇယား မှန်ကန်စွာ ကောက်ယူရန် တာဝန်ရှိကြောင်း၊ ကွင်းဆင်း၍ အချိန်ဇယားအတိုင်း ရလဒ်
ရရှိသည်အထိ စစ်တမ်းများ ကောက်ယူရန် လိုအပ်ကြောင်း၊ ပေးအပ်သည့် တာဝန်များကို တီထွင်ကြံဆ၍
စွမ်းအားရှိသမျှ ဆောင်ရွက်တတ်ရန်လိုကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကောက်ယူသည့်
စာရင်းဇယားနှင့် ကိုက်ညီပြီး ကိုယ်စားပြုနိုင်သော ပွင့်လင်း၍ ခိုင်မာမှန်ကန်သည့် စာရင်းဇယားများ
ဖြစ်ရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျော ညီထွေဖြစ်ရန် စိတ်သစ်၊ လူသစ်ဖြင့်
လေ့လာဆောင်ရွက် သွားကြစေလိုကြောင်းနှင့် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်နိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းများ
ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်ရောက်သည့်
ဝန်ထမ်း (၁၈၁) ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း
သတင်း ရရှိသည်။

No comments:
Post a Comment