Wednesday, January 20, 2016

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး နည်းပညာနှင့် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ




နေပြည်တော် ဇန်နဝါရီ ၂၀
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် International Growth Center (IGC) တို့ ပူးပေါင်း ကျင်းပသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး နည်းပညာနှင့် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှု ဗဟိုဌာန အမှုဆောင်အရာရှိ ဒေါက်တာဇော်ဦး၊ IGC အမှုဆောင်အရာရှိ မစ္စတာ ဂျိုနသန်လိဖ်ပ်၊ စီးပွားရေး ပညာ တွဲဖက်ပါမောက္ခ မစ္စတာ အိရန်ပေါ်တာ၊ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအနေဖြင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိရေးအတွက် ဖွံ့ဖြိုးမှုအကူအညီများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှ အကူအညီ အထောက်အပံ့များ ရရှိရန် လိုကြောင်း၊ ထုတ်လုပ်မှု၊ အခြေခံ အဆောက်အအုံ၊ သဘာဝဘေး၊ ရာသီဥတု ပြောင်းလဲမှုများ အစရှိသည့် ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသည့် ၀န်းကျင်ဖြစ်ရန်လိုကြောင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အတွက် ဆောင်ရွက်ရာတွင် ရေရှည် လျှောက်လှမ်း ရမည့် လမ်းကြောင်းဖြစ်သည့်အတွက် မူဝါဒပိုင်း ဆိုင်ရာစဉ်းစားချက်များနှင့် အကောင်အထည် ဖော်မည့် အစီအစဉ်များသည်  လွတ်မြောက်ရေး လုပ်ငန်းစဉ်သာမက တိုင်းပြည်၏ ဖွံ့ဖြိုးမှု မဟာဗျူဟာအတွက် အရေးပါကြောင်း။
အမျိုးသားဘက်စုံ ဖွံ့ဖြိုးမှု စီမံကိန်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေး ဖြစ်ပေါ်စေရန်နှင့် ပြည်သူအားလုံး ရရှိခံစားနိုင်မည့် တိုးတက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အုပ်ချုပ်မှု အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေခြင်း၊ စီးပွားရေး ဝန်းကျင်ကောင်းများ ဖန်တီးခြင်း၊ ပြည်တွင်းပြည်ပဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းများ ချဲ့ထွင်ခြင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကဏ္ဍများကို အားပေးမြှင့်တင်ခြင်း၊ ပြည်တွင်းစီးပွားရေး အလားအလာကောင်းများ ဖြစ်ထွန်းလာစေခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် မဟာဗျူဟာ (၇) ရပ်နှင့် လမ်းညွှန်ချက် (၄၂) ခုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ဘဏ္ဍာရေး၊ နည်းပညာဆိုင်ရာ အကူအညီများ ရရှိရေးသည် ဖွံ့ဖြိုးမှု လမ်းကြောင်းတွင် အရေးပါကြောင်း။
ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး မဟာဗျူဟာနှင့် မူဝါဒပိုင်းအတွက် အထောက်အပံ့ ပြုနိုင်မည့် ရလဒ်ကောင်းများကောင်းများ ရရှိနိုင်ပြီး ပြောင်းလဲတိုးတက်သည့် ဖွံ့ဖြိုးမှုပုံစံကို ဖော်ဆောင်နိုင်မည့် မူဝါဒများ ချမှတ်နိုင်ရန် ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ် ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးမှု ဗဟိုဌာန အမှုဆောင်အရာရှိ ဒေါက်တာ ဇော်ဦးက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အစီရင်ခံစာ (မူကြမ်း) အား လည်းကောင်း၊ IGC နှင့် UNDP တို့မှ ကျွမ်းကျင်ပညာရှင်များက မူဝါဒနှင့်နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာသူများမှ စားပွဲဝိုင်းပုံစံဖြင့်   ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment