ထွန်းဖောင်ဒေးရှင်းစာပေကော်မတီက
ကြီးမှူးကျင်းပသော ဒသမအကြိမ် ထွန်း ဖောင်ဒေးရှင်း စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့
မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်း၌
ကျင်းပသည်။
အစီအစဉ်အရ ထွန်းဖောင်ဒေးရှင်းစာပေဆု
ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ စည်သူ ဒေါက်တာသော်ကောင်းက ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားပြီး ထွန်းဖောင်ဒေးရှင်း
စာပေဆု ရွေးချယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ဆုရွေးချယ်
ရေးအဖွဲ့၏ မှတ်ချက်အကျဉ်းကို ရှင်းလင်း ပြောကြား သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရရှိကြသော ဦးမြင့်ကြည်(တက္ကသိုလ်မြတ်စိုး)၊
ဦးစံလွင် (တောင်ခိုး)နှင့် ဦးတင်ခ (တက္ကသိုလ်တင်ခ)တို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ထွန်းဖောင်ဒေးရှင်းဘဏ်
ဥက္ကဋ္ဌ ထွန်းဖောင်ဒေးရှင်းစာပေကော်မတီ နာယက ဦးသိန်းထွန်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း
ဥက္ကဋ္ဌ၊ ဆုရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာအုပ်ဆုတွင် စီးပွားရေးဘာသာရပ်ဖြင့်
“အများပိုင် ကုမ္ပဏီ များ၊ စတော့အိတ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဈေးကွက်” ရေးသားသူ
သက်ထွန်းဦး၊ ကျန်းမာရေး ဘာသာရပ်ဖြင့် “ကင်ဆာဆောင်ထဲ လမ်းလျှောက်ခြင်း” စာအုပ် ရေးသားသူ
ဒေါက်တာ လွှမ်းမိုးဟန်၊ သမိုင်းဘာသာရပ်ဖြင့် “အနော်ရထာမင်းကြီး၏ ကင်းတပ် ၄၃ မြို့” စာအုပ်
ရေးသားသူ မင်းဘူး အောင်ကြိုင်၊ အတ္ထုပ္ပတ္တိ ဘာသာရပ်ဖြင့် “ဘုံဘ၀ကိုဖြင့် မျှော်တိုင်းဝေး
ပေါင်းချုပ်”စာအုပ် ရေးသားသူ သခင်တင်မြကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းသန်းညွန့်၊ ယဉ်ကျေးမှုဘာသာရပ်ဖြင့်
“ကဗျာ့ရိပ်မြုံစာပန်းရဂုံ(မိတ်ဆက်၊ နိဒါန်း၊ နိဂုံး၊ ဖြည့်စွက်)” စာအုပ်ရေးသားသူ ထွန်းရီ(ရှေးဟောင်းသုတေသီ)၊
ရည်ညွှန်းကျမ်း(အင်္ဂလိပ်) ဘာသာရပ်ဖြင့် “COMPACT
VISUAL English - Myanmar Dictionary” စာအုပ်ရေးသားသူ တောင်ခိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်ဖြင့်
“မဟာအာရှမြစ်ကြီးများနှင့် ရေအသုံးချမှု ပဋိပက္ခများ” စာအုပ်ရေးသားသူ ဝင်းကျော်၊ ကလေးဘာသာရပ်ဖြင့်
“ကျေးလက် တောရွာဒို့ မြန်မာစကားထာဖော်ညွှန်း ဉာဏ်မော်ကွန်းကလေးကဗျာများ” စာအုပ် ရေးသားသူ
မောင်မိုးလှိုင်(သစ္စာမြေ)၊ လူငယ်ဘာသာရပ်ဖြင့် “စိတ်ခွန်အားဖြည့်သုတစာစုများ” စာအုပ်ရေးသားသူ
အေးဖြူ၊ သုတပဒေသာ ဘာသာရပ်ဖြင့် “ကောင်းကင်ဘုံကိုမျှော်၍ ငရဲသို့ရောက်ရှိခြင်း”စာအုပ်ရေးသားသူ
မြင့်မိုရ်ဆွေ၊ သုတပဒေသာ(အင်္ဂလိပ်)ဘာသာရပ် ဖြင့် “SELECTED ARTICLES
IN GEOGRAPHY” စာအုပ်ရေးသားသူ Professor
Hla Tun Aung ၊ စာပဒေသာဘာသာရပ်ဖြင့် “တရုတ်နှင့် အိန္ဒိယဆုံမှတ်၊ မြန်မာနိုင်ငံနှင့်
အာရှ၏လမ်းဆုံ လမ်းခွသစ်များ” စာအုပ်မူရင်း ရေးသားသူ သန့်မြင့်ဦးနှင့်ဘာသာပြန် ရေးသားသူ
ဟိန်းလတ်တို့အားလည်းကောင်း၊ စာမူဆုတွင်သမိုင်းဘာသာရပ်ဖြင့် “မြန်မာ့ရွှေသမိုင်း” ရေးသားသူ
ကိုမော် (အောင်သမာဓိ)၊ ရှေးဟောင်းကျမ်းဘာသာရပ်ဖြင့် “လက်ဝဲသုန္ဒရ၏ စစ်ပျို့သုံးစောင်
လေ့လာချက်” ရေးသားသူ မင်းနိုင်(မြန်မာစာ)၊ အတ္ထုပ္ပတ္တိဘာသာရပ်ဖြင့် “ပုခန်းကြီး ခရိုင်ဝန်မင်းကြီး
ဦးရိပ်နှင့် ပုဂံမြို့ဝန်စစ်ကဲကြီး ဦးမှုံတို့၏ ဘ၀ပုံရိပ်မှတ်တမ်း”ရေးသားသူ မောင်ငြိမ်းအေး(မြစ်ခြေ)၊
ယဉ်ကျေးမှု ဘာသာရပ် ဖြင့် “အညာပုဂံမြို့တော်ဟောင်း တကောင်း သမိုင်းရှာပုံတော်”ရေးသားသူ
နန္ဒာမင်းလွင်၊ ရည်ညွှန်းကျမ်း(အင်္ဂလိပ်)ဘာသာရပ်ဖြင့် “Myanmar - English Dictionary
of Ancient Myanmar Historical Terms” ရေးသားသူ U Thein Hlaing ကိုယ်စား ဦးသိန်းအောင်၊
ကလေးဘာသာရပ်ဖြင့် “ကြယ်အလင်းနဲ့ လှရအောင် ကလေးကဗျာများ”ရေးသားသူ မြေလတ် မောင်မြင့်သူနှင့်
လူငယ်စာပေ ဘာသာရပ်ဖြင့် “အမုန်းများငြိမ်းစေသတည်းနှင့် ပညာတော် သင်ကာလနေ့ရက်များ”ရေးသားသူ
အောင်နှင်းတို့အားလည်းကောင်း ဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် ထွန်းဖောင်ဒေးရှင်း
စာပေကော်မတီ နာယက ဦးသိန်းထွန်းက ထွန်းဖောင် ဒေးရှင်းစာပေဆ ရွေးချယ်ရေး ကော်မတီဝင်များကိုယ်စား
ဆရာကြီးဒေါက်တာ ဦးမြင့်အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထွန်းဖောင်ဒေးရှင်း စာပေကော်မတီ
နာယက ဦးသိန်းထွန်း က “တန်ဖိုးရှိတဲ့ စာပေ တွေကို ပြည်သူတွေများများဖတ်ပြီး အရည်အသွေးမြင့်မားလာစေဖို့
ရည်ရွယ်ချက်နဲ့ စာပေဆု ချီးမြှင့်ပွဲ ကျင်းပလာတာ အခု ဒသမအကြိမ်ရှိပါပြီ၊ ဘာသာရပ်အလိုက်
ကျွမ်းကျင်တဲ့ စာပေ ပညာရှင်များနဲ့ ရွေးချယ် ခြင်းဖြစ်ပါတယ်၊ ရွေးချယ်ပြီးတဲ့ စာကောင်းပေကောင်းတွေ
တိုးတက်ပြန့်ပွားဖို့လည်း အဓိက ရည်ရွယ်ပါတယ်”ဟုစာပေဆုချီးမြှင့်ပွဲတွင် ပြောကြားသည်။
ထွန်းဖောင်ဒေးရှင်း စာပေဆုရွေးချယ်ရေးအဖွဲ့က
ယခုနှစ်တွင်တစ်သက်တာစာပေဆု တစ်ဆုလျှင် ငွေကျပ်သိန်း ၂၀ နှင့် ရွှေသုံးမတ်သား၊ စာအုပ်ဆု
တစ်ဆုလျှင် ငွေကျပ် ၁၅ သိန်းနှင့် ရွှေငါးမူးသား၊ စာမူဆု တစ်ဆုလျှင် ငွေကျပ် ၇ သိန်းတို့ကို
ချီးမြှင့်ခဲ့ကြောင်း သိရသည်။


No comments:
Post a Comment