Monday, January 11, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗြိတိန်နိုင်ငံ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော်၊ ဇန်နဝါရီ - ၁၁

မြန်မာနိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့သည် သမိုင်းကြောင်းအရ  တပ်မတော် နှစ်ရပ်အကြားဆက်စပ်မှု၊ ချစ်ကြည်ရင်းနှီးမှုရှိခဲ့ပြီး  ယခုခရီးစဉ် လာရောက် ခြင်းသည် ယင်းချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံတပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို အလေးထားဆောင်ရွက်မှုအတွက် များစွာဝမ်းမြောက် ပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌  ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General  Sir John Nicholas  Reynolds Houghton  နှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဇေယျာသီရိဗိမာန်ရှေ့၌ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်  General  Sir John Nicholas  Reynolds Houghton အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Silas  Patrick၊ ဗြိတိန်နိုင်ငံစစ်သံမှူး Colonel Antony David  Stem နှင့် ဗြိတိန်နိုင်ငံတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီစနစ်ကို စာမျက်နှာသစ်တစ်ခုအနေ ဖြင့်စတင်ပြုပြင်ပြောင်းလဲခဲ့ရာ ယင်းစနစ်ကိုအောင်မြင်အောင် တပ်မတော် အနေဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေကြောင်း၊ မိမိတို့တိုင်းပြည်၏ ပြုပြင် ပြောင်းလဲရေးဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ လုံးဝချုပ်ငြိမ်းရမည် ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးမှုရှိရန်အတွက် ပြည်သူများက ဥပဒေနှင့်အညီ လေးစားလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရန်အတွက် အခြေခံကောင်းအောင် လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများ မရှိအောင် ဆောင်ရွက်ရသကဲ့သို့ တရားဥပဒေစိုးမိုးမှုရှိအောင် ကြိုးစားဆောင်ရွက်မှသာ ဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ခိုင်ခိုင်မာမာသွားနိုင်မည်ဖြစ်ကြောင်းနှင့်   ပြည်သူကရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လုံးဝသွေဖည်မည်မဟုတ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးဆောင်ရွက်ရာတွင် မြန်မာ့တပ်မတော်မှ ပါဝင်လုပ်ကိုင်ဆောင်ရွက် ပေးနေမှုများကို ဂုဏ်ပြုပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံသည် ကောင်းမွန်သည့် အခြေအနေကိုရောက်ရှိနေပါကြောင်း ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လေ့လာရေးအဖွဲ့များ အပြန်အလှန်စေလွှတ်၍  အတွေ့အကြုံများ ဖလှယ်ရေး၊ စစ်ဆင်ရေးနှင့်မပတ်သက်သည့် လေ့ကျင့်ရေး သင်တန်းများ၊ ဆေးပညာနှင့် ကြံ့ခိုင်ရေး သင်တန်းများ စေလွှတ်တက်ရောက်နိုင်ရေးတို့အား ဆွေးနွေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ 

(မြ၀တီ)

No comments:

Post a Comment