Tuesday, January 12, 2016

သတိပေးကြေညာချက်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securi-ties and Exchange Commission of Myanmar-SECM) သည် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့်အညီ ရန်ကုန်စတော့အိတ်ချိန်းကို ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီး အစုရှယ်ယာများ ရောင်းဝယ်ရာတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးမည့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ (Securities Company) များကို ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စိစစ်ခွင့်ပြုလျက်ရှိပါသည်။


မကြာမီကာလတွင် အများပြည်သူများအနေဖြင့် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများကို ကြားခံ၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ (Listed Company)များ၏ အစုရှယ်ယာများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။

ယင်းကဲ့သို့ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အစုရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ကြားကာလကို အခွင့်ကောင်းယူ၍အချို့သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် ပုံနှိပ် မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာ (Facebook)တို့မှတစ်ဆင့် အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းဖိတ်ခေါ်ရောင်းချခြင်း၊ ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange-YSX) အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်၍ တရားဝင်စာမျက်နှာ (Official Page) သဖွယ် ဆောင်ရွက်နေခြင်းများကို တွေ့ရှိနေရပါသည်။


သို့ဖြစ်ပါ၍ ပုံနှိပ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာ (Facebook)တို့မှတစ်ဆင့် အများပြည်သူသို့ အစုရှယ်ယာများတရားမဝင် ကမ်းလှမ်းရောင်းချနေခြင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange-YSX) အမည်ဖြင့် လူမှုကွန်ရက်စာမျက်နှာဖွင့်လှစ်၍ တရားဝင်စာမျက်နှာ (Official Page) သဖွယ် ဆောင်ရွက်နေခြင်းများကို ဘဏ္ဍာရေးဝန်ကြီးဌာန ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (Securities and Exchange Commission of Myanmar-SECM) အနေဖြင့် ငွေချေးသက်သေခံလက်မှတ် ဈေးကွက်တွင် ပါဝင်ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် အတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် 
Securities and Exchange Commission of Myanmar (SECM)
အမှတ် (၂၁-၂၅) ဆူးလေဘုရားလမ်း၊ 
မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးရုံး ဒုတိယထပ်၊ ရန်ကုန်မြို့
ဖုန်း ဝ၁-၃၇ဝ၁ဝဝ၊ Fax ဝ၁-၃၇ဝ၁ဝဝ၊ 
Email: secm.myanmar@gmail.com

Website: www.secm.gov.mm

No comments:

Post a Comment