မြန်မာနိုင်ငံတွင်
သမိုင်းရှည်ကြာဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊
နိုင်ငံရေးပြဿနာများကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့်
နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ကာ လက်နက်ကိုင်ပဋိပက္ခများအဆုံး သတ်နိုင်ရန် မြန်မာနိုင်ငံ၏ပထမဆုံးသော
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌
ခေါင်းစဉ် ငါးခုဖြင့် ငါးရက်ကြာကျင်းပခဲ့ သည်။ ထိုသို့ ငါးရက်ကြာကျင်းပခဲ့ သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့
တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား ညီလာခံမှ ထွက်ပေါ်လာသည့်
ရလဒ်များနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါ သည်။
ဦးညိုအုန်းမြင့်
(မြန်မာငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုဌာန တွဲဖက်ညွှန်ကြားရေးမှူး)
ဒီငါးရက်တာအတွင်းမှာ
ဘာအကျိုးအမြတ်ရလဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ မတူကွဲပြားနေတဲ့ပြဿနာတွေ၊ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ၊
ကျွန်တော်တို့အားလုံး ဒီနေရာမှာ စုစည်းပေးနိုင်ခဲ့တယ်။ အားလုံး သဘောတူညီချက်က တော့
ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု ဖြစ်ဖို့ပါ။ ဖွဲ့စည်းပုံအခြေခံစနစ်ကလည်း ဖက်ဒရယ်စနစ်
ဆန်ဆန် လုပ်ထားတယ်။ အသက်မဝင်သေးတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ရှိတယ်။ တိုင်းဒေသကြီးနဲ့
ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒါကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာမသိကြဘူး။
အဲဒီပြဿနာ တော့ရှိတယ်။ အသွင် ကူးပြောင်းရေးကာလမှာ သင်ခန်းစာယူနိုင်တာက ဖွဲ့စည်းပုံအခြေခံကို
ပြင်မယ်လို့သာ ပြောနေကြတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေက သုံးကို မသုံးရသေးဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုသာ
မျက်စိမှိတ်စုံကန်ပြီးတော့ ပြင်ရ မယ်ပြောနေပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်မသုံးနိုင်တဲ့အတွက်
ဒီငါးနှစ်မှာ မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်။
ပြည်ထောင်စုထဲမှာ
ပြည်နယ်တွေထဲမှာ ရှိနေတဲ့ ဥပဒေပြုအာဏာကို ဘာကြောင့် အသုံးမချတတ်တာလဲ။ ပြည်နယ်အစိုးရ
တွေကလည်း ဗဟိုအစိုးရ အပေါ်မှီခိုတယ် ဆိုတဲ့အချက်တွေ တွေ့ရတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင်
နေပြည်တော်ကို လှမ်းမေးတယ်။ နေပြည်တော်က ခွင့်ပြုမှ ဆိုတဲ့အရာ မျိုးတွေပါ။ နှစ် ၅ဝ
ကျော် ဒီမိုကရေစီနဲ့ ဝေးနေရချိန်မှာ ဒီမိုကရေစီကို အခုပြန်ရ တဲ့အခါ ကိုယ်ကိုယ်တိုင်က
မသုံးတတ်ဘူး။ အခုချိန်ထိ ဇွန်းနဲ့ ခွံ့ကျွေးတဲ့ နိုင်ငံရေးဘဝကိုပဲ ကြိုက်ကြတယ်။ ဒါတွေဟာ
ငြိမ်းချမ်းရေးတစ်ခု တည်းမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှာ အားနည်းချက်တွေ ရှိနေတာပါ။ အားနည်းချက်တွေ
ကလည်း အစိုးရိမ်လွန် တာတွေရှိသလို ယုံကြည်မှုကိုလည်း ဒီထက်ပိုပြီး တည်ဆောက် သင့်ပါတယ်။
ယုံကြည်မှုကို ဘယ်လို တည်ဆောက်ရ မလဲဆိုတာ အခုငါးရက်မှာ တွေ့ခဲ့ရပါတယ်။
ဦးဟန်ညွန့်-ဥပဒေ
(သတင်းမီဒီယာကောင်စီဝင်)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမှာ
တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်စတဲ့ အစုအဖွဲ့ တွေ၊ သုတေသီပညာရှင်တွေနဲ့
တက်ရောက်သူတွေရဲ့ အမြင်အမျိုးမျိုးကိုကြားသိရပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုမူနဲ့ စပ်လျဉ်းပြီး
အများကထောက်ခံဆွေး နွေးကြပါတယ်။ နိုင်ငံတကာမူနဲ့စံတွေကိုလည်း ရည်ညွှန်း ကြပါတယ်။ အလွန်အားရ
ဖွယ်လည်းကောင်းပါတယ်။ ဆွေးနွေးညှိနှိုင်းမှုက ရရှိတဲ့ဘက်စုံအမြင်တွေကို ပေါင်းစုပြီး
ငြိမ်းချမ်းသောပြည်ထောင်စုကြီး မုချပေါ်ထွန်းလာမယ်လို့ မျှော်လင့်ပါတယ်။
ဦးလှမောင်ရွှေ (မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်
ရေးလုပ်ငန်းဗဟိုဌာန၊ အထူးအကြံပေး)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေရဲ့ နိုင်ငံရေးဆွေးနွေးမှု ကဏ္ဍမှာ တင်သွင်းလာတဲ့
ဖက်ဒရယ်စနစ်မှာ အခြေခံရမယ့် မူတွေနဲ့ပတ်သက်ပြီး အဖွဲ့အစည်းခုနစ်ခုမှ အစုအဖွဲ့တွေက တင်သွင်း
လာတဲ့ သဘောထားတွေကို မိနစ် ၃ဝ စီ ဖတ်ကြားပါတယ်။ ဒီနိုင်ငံရေးကဏ္ဍက ဆွေးနွေးချက်တွေကို
စုစည်းပြီး နောင်ညီလာခံမှာ ပြန်လည်ဆွေးနွေးမှာပါ။ ဒီဆွေးနွေးပွဲကတော့ အခြေခံပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးတဲ့သူတွေရဲ့ ဆွေးနွေးချက်တွေကို အကောင်အထည်ဖော်ဖို့က အလွန် အရေးကြီးပါတယ်။
နောင်လာ မယ့်ဆွေးနွေးပွဲတွေကတော့ အကောင်အထည်ဖော်မယ့် ကာလဖြစ်ပါတယ်။ အဲဒါတွေပြီးသွားရင်တော့
တစ်ခုတည်းသော တပ်မတော်လည်း ဖြစ်လာမယ်။ တိုင်းရင်းသား လက်နက် ကိုင်တွေလည်းမရှိတော့ဘူး။
ကျွန်တော့်အနေနဲ့ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေးနှစ်ခွဲလောက်ပါလာခဲ့ တာဖြစ်လို့
အခုညီလာခံဟာ ကျွန်တော်တို့ လုံးဝရောက်မယ်လို့ထင်မထားခဲ့တဲ့ အခြေအနေကို လုံးဝရောက်လာခဲ့ပါတယ်။
ဒါကြောင့်အနာဂတ်မှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ ဒီမိုကရေစီနိုင်ငံတော် လည်းဖြစ်လာ
မယ်။ အခြားလက်နက်ကိုင် တိုင်းရင်းသားတွေမရှိတဲ့ နိုင်ငံတော် ကိုရောက်သွားမယ်လို့လည်း
မျှော်လင့်ရပါတယ်။
ဒေါ်ဒွဲဘူ (ကချင်ပြည်နယ်
အင်ဂျန်းယန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ခေါင်းစဉ်ငါးခုရှိတဲ့အနက်
မြေယာနဲ့သယံဇာတကို အဓိကထားဆွေးနွေး ခဲ့ပါတယ်။ မြေယာနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ့် အချက်တွေကများပါတယ်။
ပြဿနာကို ဘယ်လိုအဖြေရှာကြမလဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။ သဘာဝသယံဇာတတွေဟာ
အခုချိန်မှာ အရေးကြီးတဲ့ ကိစ္စရပ်တစ် ခုဖြစ်နေပါတယ်။ လက်ရှိမှာလည်း သဘာဝသယံဇာတ တွေကြောင့်ပဲ
မငြိမ်းချမ်းမှုတွေဖြစ်ပေါ်နေတာပါ။ ကျွန်မတို့ပြည်နယ် မှာဆိုလည်း သဘာဝ သယံဇာတကျိန်စာသင့်
သလိုမျိုး မငြိမ်းချမ်းမှုတွေ အမျိုးမျိုးဖြစ်နေပါတယ်။ မငြိမ်းချမ်းမှု တွေကနေတစ်ဆင့်
မူးယစ်ဆေးဝါးပြဿနာတွေ၊ လူသား အရင်းအမြစ် ဆုံးရှုံးမှုတွေ အမျိုးမျိုးဖြစ်နေတယ်။ ဒါကြောင့်
ဒီကိစ္စရပ်တွေဟာဆိုရင် မုန့်လုံး စက္ကူ ကပ်သလို တစ်ခုနဲ့ တစ်ခု မပြီးမငြိမ်းနိုင်ဘူးဖြစ်နေတယ်။
ဒီသဘာဝသယံဇာတနဲ့ပတ်သက်ပြီးတော့
ဘယ်လိုထိန်းချုပ်ကြမယ်၊ ဘယ်လို သုံးစွဲကြမယ်၊ ဘယ်လိုခွဲဝေ ကြမယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ခွဲဝေတာ မညီမျှခဲ့လို့လည်း ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ တွေဖြစ်ပွားနေရတာဖြစ်တယ်။
ဒါ့ကြောင့် ဒီကဏ္ဍတွေမှာ ဘယ်လို အာဏာခွဲဝေကြမယ်၊ လုပ်ပိုင်ခွင့်တွေ ဘယ်လိုခွဲဝေကြ မယ်၊
အကျိုးအမြတ်တွေ ဘယ်လိုခွဲဝေကြ မယ်ဆိုတာကို အခမ်းအနားကိုတက်ရောက်ကြတဲ့ တိုင်းရင်း သားတွေရော၊
ပညာရှင်တွေရော၊ အစိုးရဘက်ကရော၊ လွှတ်တော်ဘက် ကရော အားလုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြသွားတာပါ။
ဒီညီလာခံကနေပြီးတော့လည်း ရရှိတဲ့အချက်အလက်တွေ ကို နောက်အစိုးရ လက်ထက်မှာ တင်ပြသွားမှာပါ။
ဦးပါစီပြည်ဟိန်း
(စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီဥက္ကဋ္ဌ)
ဒီငါးရက်တာလေးက ဘာတွေထူးခြားမှုရှိလဲဆိုရင်
တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူးဆိုပေမယ့် တပ်မတော် ကိုယ်စားလှယ်အစုအဖွဲ့၊ လွှတ်တော်
ကိုယ်စားလှယ်အစုအဖွဲ့၊ အစိုးရအစုအဖွဲ့နဲ့ NLD ပါတီရဲ့ သဘောထားတွေ ကတော့ နိုင်ငံရေးကဏ္ဍမှာ
တစ်ထပ်တည်းကျနေ တာကိုတွေ့ရပါတယ်။ တပ်မတော်ဘက်ကလည်း ပြည်ထောင်စုစနစ်ကို ကြိုက်တယ်။ ၂ဝဝ၈
ဖွဲ့စည်း ပုံမှာပါတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုကိုလည်း သဘော ကျနေပါတယ် ။ နောက်ပြီး
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးသွားတာ အားရကျေနပ်
မှုရသလို အားရကျေနပ်မှု မရှိတာတွေ လည်းရှိပါတယ်။
နောက်ပြီး ပါတီတော်တော်များများနဲ့
အစိုးရအစုအဖွဲ့နဲ့လည်း စိတ်တူကိုယ် တူဖြစ်တာတွေ့ရပါတယ်။ ဖက်ဒရယ်မှာ ကြည့်မယ်ဆိုရင်လည်း
ပြည်နယ်ခုနစ်ခုနဲ့ တိုင်းဒေသကြီး ခုနစ်ခု ဒီလိုပဲနေကြပြီးတော့ လူ့အခွင့်အရေး ကိုတန်းတူပေး
လိုက်ရင်ကောင်းသွားမှာပါ။ ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ နည်းနည်းပြင်လိုက်မယ်ဆိုရင် အလွန်အားကောင်းတဲ့
တိုင်းရင်းသား တွေ လိုချင်တဲ့ ဖက်ဒရယ်ပုံစံမျိုးလည်း ဖြစ်ထားပြီးပြီဆိုတော့ အဆင်ပြေမယ်လို့
ထင်ပါတယ်။ တချို့ပါတီတွေရဲ့ သဘောထားအမြင်ကတော့ ဖက်ဒရယ် လုံးဝ ခွဲထွက်သွားမယ့်ပုံမျိုးကို
သိပ်မကြိုက်ချင်ကြပါဘူး။ ရှစ်ပြည်နယ်လည်း မလိုချင်ဘူး။ လူမျိုးစုတွေခွဲထွက်မှာကို လည်းသိပ်မကြိုက်ချင်ကြပါဘူး။
ဒါ့ကြောင့် အကောင်းဆုံးကတော့ ပြည်ထောင်စု စနစ်ပုံစံသွားပြီး အားလုံးတစု တဝေးတည်းနေတာက
ပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်။ အမှန်တ ကယ်တော့ ဖက်ဒရယ် ဆိုတာ အာဏာခွဲဝေခြင်းပါပဲ။
အာဏာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး ခွဲဝေကျင့်သုံးမယ်။ ဗဟိုအစိုးရက လည်း လျှော့သင့်တဲ့
အပိုင်းတွေကိုလျှော့မယ်။ ပြည်နယ်တွေကလည်း ရသင့်တဲ့ အပိုင်းတွေကိုရမယ်။ အာဏာတွေကို ကျွမ်းကျင်စွာ
သုံးနိုင်မယ်ဆိုရင် အားလုံးအေးအတူပူအမျှ ဖြစ်သွားပါလိမ့်မယ်။
ဦးအောင်မျိုးခိုင်
(မြန်မာနိုင်ငံတောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ)
တစ်နိုင်ငံလုံးရဲ့လက်နက်ကိုင်ပဋိပက္ခတွေ
ချုပ်ငြိမ်းဖို့ အဖွဲ့အစည်းပေါင်းစုံက ညီညီညွတ်ညွတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြ တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအစစ် အမှန် ကိုရဖို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် နိုင်ငံရေး
ဆိုင်ရာ သဘော တူညီမှုတွေ၊ ယုံကြည်မှုတွေ ဖော်ဆောင်ဖို့ ဖြစ်တယ်။ အားလုံးလိုလား တဲ့ဦးတည်ချက်
ရည်မှန်းချက်တစ်ခုက ညီညွတ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကြီးကိုတည်ဆောက်မယ်ဆိုတာ ဖြစ်ပါတယ်။
ထာဝရ ငြိမ်းချမ်းရေးရရှိနိုင်မယ့် အဓိကအကြောင်း အရင်းဖြစ်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ခေါင်းစဉ် အပေါ်မှာ ဆွေးနွေးတဲ့အခါ
အများစုရဲ့တင်ပြချက်အရ လူမျိုးစုအပေါ်မှာ၊ လူမျိုးရေး အပေါ်မှာအခြေခံတဲ့ ဖက်ဒရယ် ကိုတည်ဆောက်ဖို့
တင်ပြနေကြတာအများ ဆုံးတွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ များပြားလှတဲ့ လူမျိုးစုတွေ
ရှိတဲ့ အတွက် လူမျိုးစုအုပ်စုတွေအပေါ်မှာ အခြေခံတဲ့စနစ်ကို သွားတဲ့အခါမှာ ပြင်ဆင်ထားဖို့၊
အဆင်သင့်ဖြစ်ထားဖို့ အများကြီး လိုအပ်ပါတယ်။ လူမျိုးစု အပေါ်မှာအခြေခံတဲ့ ဖက်ဒရယ်ကိုသွားမယ်ဆိုရင်
ပြင်ဆင်ရမယ့် ရှုပ်ထွေးမှုတွေဟာ အများကြီး လိုပါတယ်။
ဒီညီလာခံကြီးကိုတက်ရောက်လာတဲ့
အစုအဖွဲ့ အားလုံးရဲ့ ခေါင်းဆောင် အားလုံးရဲ့ Mindset ဟာ သန်း ၅ဝ ကျော်တဲ့ ပြည်သူကိုအခြေခံလာတဲ့
Mindset ဖြစ်ဖို့လိုပါတယ်။ သက်ဆိုင်တဲ့အစုအဖွဲ့အတွက်ပဲ စဉ်းစားလာမယ်၊ နှလုံးသားထဲ ထည့်လာမယ်ဆိုရင်
ညှိနှိုင်းဆွေးနွေးမှုဟာ အများကြီး ကြန့်ကြာပြီး ခက်ခဲမှာပါ။ ဖြစ်ရမှာက ဒီညီလာခံကို တက်ရောက်
လာတဲ့ ကိုယ်စားလှယ်အားလုံးရဲ့ နှလုံးသားထဲမှာ ပြည်သူသန်း ၅ဝ ကျော်လုံးအတွက် ဆိုတဲ့
Mindset ကို နှလုံးသွင်း လာဖို့လိုပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေ ကလည်း လူမျိုးရေးစိတ်ဓာတ်ပြင်းထန်မှုကို
အခြေခံမယ့်အစား စည်းလုံး ညီညွတ်တဲ့ နိုင်ငံသားစိတ်ဓာတ်ကို စတင်ပျိုးထောင်နိုင်ဖို့အတွက်
လိုအပ် ပါတယ်။ ပြည်သူကို ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ အတွေးအမြင်၊ ကျင့်ဝတ်တွေ၊ စိတ်ဓာတ်တွေ၊
ပညာရေးတွေ ဒါတွေကိုမြှင့်တင်ပေးတဲ့ အလုပ်မျိုးကို ညီလာခံ ကျင်းပတဲ့ အချိန်နဲ့ တစ်ပြိုင်နက်
လုပ်ဆောင်ပေးခြင်းဖြင့် ဖက်ဒရယ်နဲ့ပတ်သက် တဲ့မူတွေကို ညှိနှိုင်းဆွေးနွေးချမှတ်ပြီးတာနဲ့
ဒီဖက်ဒရယ်ကို ကျင့်သုံးဖို့ တိုင်းရင်းသားပြည်သူအားလုံးက အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ ညီအစ်ကိုတွေရဲ့ အချိန်အတော်ကြာပျောက်ဆုံးနေတဲ့ ချစ်ကြည် ရင်းနှီးမှုဟာ
ဒီညီလာခံကြီးမှာ ပြန်လည်တွေ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ စရာပဲဖြစ်ပါတယ်။
ဒေါ်အိန်ဂျလာသောင်း
(ကယန်းအမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်)
ဒီညီလာခံကြီးကျင်းပတာကို
အင်မတန်သဘောကျပါတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေ ဘက်ကလည်း ဒီလို ညီလာခံမျိုး ကိုစောင့်မျှော်နေတာပါ။
ဒီညီလာခံရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို မှတ်တမ်းတင်လေ့လာကြရင်း နောက်အစည်း အဝေးတွေကို
ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ နောင်လာမယ့်ညီလာခံတွေကျရင် ဒီထက်ပိုပြီး ဆွေးနွေးညှိနှိုင်း
အဖြေရှာနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အစုအဖွဲ့အသီးသီးရဲ့ ရင်တွင်းခံစားချက်တွေကို
ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးခွင့်ရကြတဲ့အတွက် တစ်ဦး ကိုယ်တစ်ဦး စာနာနားလည်နိုင်ကြမယ်လို့ထင်ပါတယ်။
အားမရတဲ့အချက်ကတော့ အမျိုးသမီးများ ပါဝင်ခွင့် အင်အားနည်းပါးနေတာကိုပါ။ တက်ရောက်လာသူ
စာရင်းအရ ၇ဝဝ မှာ ဖိတ်ကြားခံရသူ အမျိုးသမီးဦးရေက ရှစ်ရာခိုင်နှုန်းပဲရှိပြီး တက်ရောက်လာသူက
ခုနစ်ရာခိုင်နှုန်း ပဲရှိတာကိုတွေ့ရတာ အားမရပါ ဘူး။ နောင်လာမယ့်ညီလာခံ တွေကြရင် အစုအဖွဲ့အလိုက်
အမျိုးသမီးဦးရေ ပိုပြီးပါဝင်လာဖို့ မျှော်လင့်ပါတယ်။ NCA စာချုပ်မှာ ပါဝင်တဲ့ အချက်အတိုင်း
အမျိုးသမီးများ ပါဝင်မှု ၃ဝ ရာခိုင်နှုန်းရရှိအောင် ကြိုးပမ်းပါမယ်ဆိုတဲ့အတိုင်း ပါဝင်လာဖို့မျှော်လင့်
ပါတယ်။
ဦးရွှေမင်း [လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ]
ဖက်ဒရယ်ဆိုတာက တိုင်းရင်းသားပြည်သူအားလုံး
အတွက်အရေးပါတာဖြစ်လို့ ဖက်ဒရယ်ကိုသွားနိုင်ဖို့က ကျွန်တော်တို့ တိုင်းပြည်ကြီး စည်းစည်းလုံးလုံး
ညီညီညွတ်ညွတ်ရှိရမယ်။ နိုင်ငံတော်တိုးတက်ဖို့လည်း အများကြီး အကျိုးပြု လိမ့်မယ်လို့
မျှော်လင့်ပါတယ်။ အစုအဖွဲ့အလိုက် တင်ပြလိုတဲ့အချက်တွေကို လွတ်လပ်စွာတင်ပြ ဆွေးနွေးနိုင်ပေမယ့်
အချိန်က တိုတောင်းတဲ့အတွက် နောင်လာမယ့် ညီလာခံတွေမှာ ပိုပြီးဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။
ဒီငြိမ်းချမ်းရေး ညီလာခံကနေ ဆက်လက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကြီး
ဖြစ်ပေါ်မှာပါ။ တိုင်းရင်းသားအားလုံး ချစ်ချစ်ခင်ခင်နဲ့ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို
တည်ထောင်နိုင်ပြီး တိုးတက်မှုတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့
ဒီအစည်းအဝေးကနေ ပြန်သွားရင် မျိုးဆက်သစ်လူငယ်တွေကို ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အချက်တွေကို
လက်ဆင့်ကမ်းချပြသွားမယ့် ရည်ရွယ်ချက် တွေရရှိ ခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ
လူဦးရေ၏ ၄ဝ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသော ဒေသများသည် ပဋိပက္ခဖြစ်ပွားရာဒေသများ
(သို့မဟုတ်) ပဋိပက္ခသင့်ဒေသများနှင့် ဆက်စပ်လျက်ရှိသော နေရာများဖြစ်ပြီး အဆိုပါပဋိပက္ခများကို
ချုပ်ငြိမ်းရန်အတွက် ပထမဆုံး သောညီလာခံကို ငါးရက်ကြာကျင်းပခဲ့ရာ အဆိုပါ သမိုင်းဝင်
သမိုင်းတွင်မည့် ညီလာခံကြီးမှသည် ငြိမ်းချမ်းသော ပြည်ထောင်စုကြီးဆီသို့ ဦးတည်လျှောက်လှမ်း
နိုင်မည့် ခြေလှမ်းသစ်တစ်ရပ်ပင် ဖြစ်ပါကြောင်း။ ။
သတင်းနှင့် ဓာတ်ပုံ
- နိုင်လင်းကြည်၊ အေးအေးမြင့်၊ မေသင်္ကြန်


No comments:
Post a Comment