Sunday, January 17, 2016

နိုင်ငံတိုးတက်မှုအတွက် အရေးပါသော ဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် အလွန်မွန်မြတ်သော ကုသိုလ် ဒါနဖြစ်


တင်မောင်၊ မင်းထက်အောင် (မန်းကိုယ်ပွား)
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ယက္ကန်းစင်တောင်ဒေသရှိ ကျေးရွာပေါင်း ၂၇ ရွာမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန် တောင်ခြေအနီးတွင် ဒယာနန္ဒဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာနန္ဒမာလာ ဘိဝံသဆရာတော်ကြီးဦးဆောင်၍ စေတနာ ရှင် ဒါယကာ ဒါယိကာမများ ဆောက်လုပ်လှူဒါန်းသည့် မေတ္တာနန္ဒဆေးရုံဖွင့်ပွဲနှင့် နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်က စည်ကားသိုက်မြိုက်စွာကျင်းပရာ ဆရာတော်ကြီးနှင့်တကွ အလှူရှင်များ၊ ဒေသခံ ရွာသူရွာသားများ၏ ကြည်နူးဝမ်းမြောက်စွာပြောကြားခဲ့ကြသည့် ပီတိ စကား သံများကို ဖော်ပြလိုက်ပါသည်။




ဒေါက်တာနန္ဒမာလာဘိဝံသ
ဒီဒေသက သွားရေးလာရေးအင်မတန်ခက်တယ်။ မန္တလေးမြို့နဲ့ ၃၆ မိုင်လောက်ဝေးတယ်ဆိုပေမယ့် ရေတစ်တန်၊ ကုန်းတစ်တန်သွားလာရတယ်။ ဒါကြောင့် အရေးပေါ်ကိစ္စတွေမှာဆိုရင် ဆေးရုံဆေးခန်းမီအောင်ရောက်ဖို့ မလွယ်ဘူး။ ဒါကြောင့် ဒီနေရာမှာ အရေးပေါ်ကိစ္စတွေအတွက် ဆေးရုံတစ်ခု ရှိမယ်ဆိုရင် ကျန်းမာရေးအတွက် အများကြီး အထောက် အကူဖြစ်နိုင်တဲ့ နေရာလို့ရည်ရွယ်ပြီး မေတ္တာနန္ဒဆေးရုံကိုတည်ဆောက်တာပါ။ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ တစ်ခုတည်းနဲ့ ရပ်တည်လို့မရပါဘူး။ ဒါကြောင့်မို့ ကျန်းမာရေး အတွက် မေတ္တာနန္ဒဆေးရုံကို တည်ဆောက်ပေးပြီး လူတွေရဲ့ အကျင့် စာရိတ္တနဲ့ ကိုယ်ကျင့်တရားကောင်းမွန်လာအောင် သစ္စာနန္ဒဓမ္မစင်တာကိုလည်း တည်ဆောက်ပြီး ဘက်စုံတိုးတက်အောင် ရည်မှန်းပြီး ဆေးရုံနဲ့ ဓမ္မစင်တာ တွဲဖက်ထားပေးတာ ဖြစ်ပါတယ်။ ဒေသက ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကို မိမိနဲ့အတူ တကွတွဲခေါ်ပြီး သာတူညီမျှနေနိုင်အောင် ဆောင်ရွက်နိုင်တဲ့လုပ် ငန်းဖြစ်လို့ အားလုံးသော ပုဂ္ဂိုလ်တွေဟာ ဝမ်းသာပီတိ ဖြစ်ကြရတယ်။ တစ်ဦး တစ်ယောက်ကောင်းစားရေး မဟုတ်ဘဲ ဒီဒေသမှာရှိတဲ့ ရဟန်းရှင်လူမည်သူမဆို ကျန်းမာ ပျော်ရွှင်စွာနဲ့ အသိပညာ၊ အတတ်ပညာတွေ ဖွံ့ဖြိုးလာမယ်ဆို ရင် နိုင်ငံပါဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒေသ တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ အင်မတန်မှအရေးပါတာမို့ အလွန်ကြီးမားတဲ့ ကုသိုလ် ကောင်းမှုတစ်ခုကို ဆရာတော်နဲ့အတူ အလှူရှင်တွေလက်တွဲပြီး ဆောင်ရွက်ရတယ်လို့ ဝမ်းသာ ကြည်နူးဖြစ်ကြမှာပါ။ အားလုံးတိုင်းပြည်အတွက် မိမိတို့ရဲ့ နီးစပ်ရာ၊ ကိုယ်လုပ်နိုင်ရာ၊ ကိုယ်ကျရာတာဝန်ကို ဝိုင်းဝန်းဆောင်ရွက်ခြင်းဟာ အလွန်မွန်မြတ်တဲ့ ကုသိုလ်တရားဖြစ်တာကြောင့် တိုင်းသူပြည်သားအားလုံးဟာလည်း ဘယ်သူဘယ်ဝါလို့ ငြင်းဆို တွက်ကတ်ပြီး မနေကြဘဲနဲ့ တစ်ညီတစ်ညာတည်း ကိုယ်လုပ်နိုင်တဲ့အလုပ်ကို ဝိုင်းဝန်း လုပ်ကိုင်ဆောင်ရွက်ကြရင်း အများကောင်းဖို့ကြိုးစားကြပါလို့ တိုက်တွန်းချင် ပါတယ်။
ဒေါက်တာသက်မင်းအောင်(တာဝန်ခံဆရာဝန်)
ဒီဆေးရုံကြီးဟာ လေးဧကကျယ်ဝန်းတဲ့မြေပေါ်မှာ ပေ ၄ဝဝ ပတ်လည် ဆောက်လုပ်ထားတဲ့(၁၆)ခုတင်ဆံ့ ဆေးရုံဖြစ်ပါ တယ်။ ဒီဆေးရုံမှာ တာဝန်ခံ ဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန် တစ်ဦး စုစုပေါင်းဝန်ထမ်း အင်အား ၁၂ ဦးနဲ့ ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာပေါင်း ၂၇ ရွာမှာ ရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ဖို့ ဆရာတော်ကြီးရဲ့ ဒယာနန္ဒဖောင်ဒေးရှင်းက ကူညီလှူဒါန်းပေးပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်။ ဒီဆေးရုံဟာ ၂ဝ၁၄ ခုနှစ်မှာ စတင်ဆောက်လုပ်ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ပြီးစီးခဲ့တယ်။ ဒီဆေးရုံမှာ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ သားဖွား ခန်းတွေနဲ့ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန် ကာကွယ်ဆေးတွေလည်း ထားရှိပါတယ်။ အရေးပေါ် လူနာတွေအတွက်လည်း အရေးပေါ်အထူးကြပ်မတ်ခန်းထား ရှိပြီး နောက်ဆုံးပေါ်ပစ္စည်းတွေကို အဆင်သင့်ဖြည့်ဆည်းထားတဲ့အပြင် ဒီဆေးရုံရဲ့ ကုသမှုအင်အားမမီတဲ့ လူနာတွေအတွက် လည်း အရေးပေါ်ကား တစ်စီး စီစဉ်ထားပါတယ်။ ဒီဖောင်ဒေးရှင်းကနေ အကုန်အကျခံပြီး ရွာသူရွာသားတွေ အားကိုးရ မယ့် ဒီဆေးရုံကြီးကိုဝန်ထမ်းတွေ၊ ဆေးနဲ့ဆေးရုံသုံး ပစ္စည်းတွေကို အပြည့်အစုံထောက်ပံ့ လှူဒါန်းထားတဲ့အတွက် ဆရာတော်ကြီးကို တာဝန်ခံ ဆရာဝန်တစ်ဦးအနေနဲ့ အားလုံးကိုယ်စား အထူးပင်ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။
ဒေါ်ညိုစိန်(ယက္ကန်းစင်တောင်ခြေရွာ)
ဒီနေရာမှာဒီလိုဆေးရုံကြီးကို လာရောက်ဖွင့်လှစ်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိပါတယ်။ ဆရာတော် ကြီးကိုလည်း အထူးပင်ကျေးဇူးတင် ပါတယ်။ ယခင်က ဒီဒေသဟာ သဘာဝတောတောင်ကြီးတွေ ဖြစ်နေတော့ နေ ထိုင်မကောင်းလို့ ဆေးရုံကိုသွားဖို့ သွားရေးလာရေးအခက်အခဲရှိပြီး ဆေးရုံကို သွားဖို့လှည်းနဲ့တစ်မျိုး၊ လှေနဲ့တစ်ဖုံသွားရ ပေမယ့် ဆေးရုံကို မရောက်ဘဲ အသက်ဆုံးရှုံးသွားရတာတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အခုတော့ သွားလာရေး လွယ်ကူ သွားတဲ့အပြင် ကျန်းမာရေးအတွက်လည်း စိတ်ချသွားရတဲ့အတွက် ကျွန်မတို့ဒေသက နောင်လာမယ့် အသီးအပွင့်လေး တွေအတွက် ဒုက္ခရောက် စရာအကြောင်းမရှိတော့ပါဘူး။ ဒါကြောင့် တွေးမိတိုင်းဆရာတော်ကြီးကို ကျေးဇူးတင်စိတ်နဲ့ ကြည်နူးဝမ်းသာဖြစ်မိပါတယ်။
ဦးစန်းအောင်(မတ္တရာမြို့နယ်)
ဆရာတော်ကြီးရဲ့လောကကောင်းကျိုး၊ အများကောင်းကျိုးအတွက် ကြိုးပမ်းဆောင် ရွက်တဲ့နေရာမှာ ကဏ္ဍတစ်ခုအနေနဲ့ ကုသိုလ်ပါဝင်ခွင့်ရတဲ့ အတွက် အင်မတန်ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုဒီဒေသမှာ ဆရာတော်ကြီး လုပ်ဆောင်မှုတွေက ကျန်းမာရေးအတွက်သာမက ဒီဒေသတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်လာအောင် စိုက်ပျိုးရေးကဏ္ဍမှာပါ အော်ဂဲနစ်နည်းပညာနဲ့ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အထိ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒီအလှူမှာ ကျွန်တော်တို့က ဆရာတော်ကြီး ရဲ့ ချီးမြှင့်မှုကြောင့် သံဃာအပါး ၁ဝဝဝ ကို အရုဏ်ဆွမ်းဆက်ကပ်ခြင်းနဲ့ လူတွေကို စတုဒိသာကျွေးမွေးခြင်း ကုသိုလ်ကို လှူဒါန်းခွင့်ရတာပါ။ ဒီနေရာမှာ ဆေးရုံတွေဆောက်ပြီး လမ်းတွေလည်း ကောင်းမွန်လာတယ်ဆိုတာ အရင်က အိပ်မက် တောင် မမက်နိုင်တဲ့ ကိစ္စတွေပါ။ အခုတော့ ဆရာတော်ကြီးရဲ့ကျေးဇူးကြောင့် အိပ်မက်မဟုတ်ဘဲ တကယ်ခံစားခွင့်ရကြ တော့မှာပါ။ ဒါကြောင့် ဒီနယ်သားတစ်ယောက်အနေနဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးတရားတွေကိုတွေးမိပြီး ကြည်နူးမိပါ တယ်။
ဦးပဉ္စင်းဦးသြဘာသ (ဇောတိကာရုံကျောင်း၊ ရွှေလှေရွာ၊ စဥ့်ကူးမြို့နယ်)

ဒီဒေသလေးက ဆရာတော်ကြီးနဲ့ ဦးပဉ္စင်းတို့ ဇာတိရွာနဲ့ဆိုရင် တစ်မိုင်လောက် ပဲဝေးတာပါ။ ဒါကြောင့် ဆရာတော်ကြီးက ငါတို့ရွာနဲ့လည်း အနီးဆုံးနေ ရာဖြစ်အောင်၊ အမြဲတမ်းလည်း ကားဝင်လို့ထွက်လို့ ကောင်းတဲ့နေရာ ကိုရွေးပြီး ဆေးရုံဆောက်နိုင်ဖို့ မြေနေရာရရှိအောင်ဆောင်ရွက်ပါလို့ မိန့်ကြားတဲ့အတွက် နိုင်ငံတော်ကနေမြေ ၂၇ ဒသမ ၃၃ ဧက ရရှိခဲ့ပါတယ်။ ဒါနဲ့ ဒီဆေးရုံကို ၂ဝ၁၄ ခုနှစ်မှာ စပြီးတည်ဆောက်ခဲ့တာ တစ်နှစ်ကျော်ကြာ ခဲ့ပါတယ်။ ဒီဆေးရုံနဲ့အတူ တရားဓမ္မတွေ ဟောကြားပြသနိုင်ဖို့ ဓမ္မစင်တာ ကိုလည်း တစ်ပါတည်း တည်ဆောက်ခဲ့ပါတယ်။ ဆေးရုံကို မေတ္တာနန္ဒ ဆေးရုံ၊ ဓမ္မစင်တာကိုတော့ သစ္စာနန္ဒလို့ ဆရာတော်ကြီးက အမည်ပေးခဲ့ပါတယ်။ အခု မေတ္တာနန္ဒဆေးရုံကို ဖွင့်လှစ်ပြီး နိုင်ငံတော်ကို လွှဲပြောင်းလှူဒါန်းပေးမှာ ဖြစ်ပါတယ်။ ဒီဆေးရုံဖွင့်ပွဲကို အကြိုကုသိုလ်အနေနဲ့ ဇန်နဝါရီ ၁၅ ရက်မှာ စဥ့်ကူးမြို့နယ်က ကျောင်းပေါင်း ၂၁၅ ကျောင်း၊ မတ္တရာမြို့နယ်က ၄၁၆ ကျောင်းနဲ့ တခြား ပင့်သံဃာတွေ စုစုပေါင်း ၁ဝဝဝ ကို တစ်ပါးလျှင် တစ်သိန်းကျော်ဖိုးစီ လှူဒါန်းပြီး အရုဏ်ဆွမ်းကပ်လှူပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာတော့ ဒီဆေးရုံကြီးကို ဖွင့်ပွဲကျင်းပပြီး နိုင်ငံတော်ကို လွှဲပြောင်းပေးအပ် လှူဒါန်းပွဲ ကျင်းပပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာတော့ မေတ္တာနန္ဒ ဆေးရုံကြီး ဖွင့်ပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စတုဒိသာကျွေးမွေးပြီး လာရောက်သူ အားလုံးကို အထူးကု ဆရာဝန်ကြီးတွေက အခမဲ့ဆေးကုသပေးမှာဖြစ်ပါတယ်။ ဦးပဉ္စင်းအနေနဲ့ ဒီကုသိုလ်မှာ ပါဝင်ခွင့်ရတာနဲ့ ပတ်သက်လို့ ပြောရရင် တချို့က ဒီလိုကုသိုလ်ကိုလုပ်ချင်ပေမယ့် လုပ်ခွင့်မရကြဘူး။ တချို့ကလုပ်ခွင့် ရပေမယ့် လုပ်ချင်စိတ်မရှိဘူး။ ဦးပဉ္စင်းအနေနဲ့ကတော့ လုပ်ချင်စိတ်လည်း ရှိတယ်၊ ဆရာတော်ကြီးကလည်း လုပ်ခွင့်ပေးထားတဲ့အတွက် ကံအကောင်း ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

No comments:

Post a Comment