နေပြည်တော်၊ ဇန်န၀ါရီ (၁၇)
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် ဇန်န၀ါရီလ (၁၆)ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ
ပုဂံညောင်ဦးဒေသသို့ ရောက်ရှိပြီး Umbra ဟိုတယ်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့အချုပ်လက်အောက်ရှိ
ပုဂံဇုန် မှ အလုပ်အမှုဆောင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်မန်နေဂျာများ၊ ၀န်ထမ်းများအားတွေ့ဆုံ၍
ပုဂံဒေသတွင် ၂၀၁၅ ခုနှစ်အတွင်းတွင် ပြည်တွင်း ပြည်ပ ဧည့်သည်ရောက်ရှိမှုသည် စုစုပေါင်း
(၄) သိန်း ကျော် ရောက်ရှိလာပြီး ယခင်နှစ်ထက် (၂၀) % ခန့် တိုးတက်လာပါကြောင်း၊
ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ
မပျောက်ပျက်အောင် ၀ိုင်းဝန်း ထိမ်းသိမ်းကြရန်လိုအပ်ပါကြောင်း၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှလည်း
ပုဂံခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်
ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဟိုတယ်မန်နေဂျာများနှင့် ၀န်ထမ်းများမှလည်း
ဝန်ဆောင်မှုအရည်အသွေး အဆင့်မြှင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း
စသည်ဖြင့် အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဇန်န၀ါရီလ (၁၇)
ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Bagan Lodge ဟိုတယ်တွင် မြိုင်ဒေသရှိ
လူမှုအဖွဲ့အစည်းခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအစီအစဉ်အရ လာရောက်လေ့လာသည့် ပြည်ပ ဧည့်သည်
စတုတ္ထအဖွဲ့နှင့် ရင်းနှီးစွာတွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံသည်
ခရီးသွားအရင်းအမြစ်ပေါကြွယ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ
အများအပြား တည်ရှိနေပါကြောင်း၊ အထူးသဖြင့် မြိုင်မြို့နယ်ကို အခြေခံ၍ ကျေးလက်ဒေသခရီးစဉ် ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင်
ယခုကဲ့သို့ လာရောက်အားပေးကူညီသည့်အတွက် ၀မ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ ခရီးသွားလုပ်ငန်းသည်
လူမှုအဖွဲ့အစည်းတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ၀င်ငွေတိုးတက်စေရေးတို့ အတွက်များစွာ
အထောက်အကူဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လာရောက်လည်ပတ်ရင်း ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများတွင်
တစ်တပ်တစ်အား ပါဝင်လုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဤသို့ အဖွဲ့ငယ်များ မကြာခဏလာရောက်ခြင်းဖြင့်
မကြာမီ ခရီးစဉ်ဒေသတစ်ခုအဖြစ် ထင်ရှားကျော်ကြားလာမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ယင်းနောက် ဧည့်သည်အဖွဲ့မှလည်း ခရီးသွားအရင်းအမြစ်များ အား ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ကြော်ငြာရေး တို့အတွက် ရင်နှီးစွာဆွေးနွေးပြောကြားခဲ့ကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment