Friday, January 29, 2016

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး



နေပြည်တော် ဇန်နဝါရီ ၂၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ လွှတ်တော်သက်တမ်းကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးခြင်း ကို ဆောင်ရွက်ကြသည်။

အစီအစဉ်အရ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက အကြံပြုဆွေးနွေး ကြသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ဒီမိုကရေစီစနစ်သည် အများ သဘောတူတိုင်းမှန်သည်ဟု တထစ်ချယုံကြည်၍ မရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များ အနေဖြင့် ငါးနှစ်တာ သက်တမ်းကာလအတွင်း ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ လူမျိုး စွဲ၊ ဘာသာစွဲ မထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ လွှတ်တော်အတွင်း အပြိုင်အဆိုင် ဆွေးနွေးငြင်းခုံကြ သော်လည်း ဆွေးနွေးမှု ပြီးမြောက်ပါက ချစ်ခင်စည်းလုံးမှု မပျက်သည်အပြင် အမျက် ထားသိုခြင်းမရှိသည်ကို ချီးကျူးပါကြောင်း၊ လွှတ်တော်၏ တာဝန်ကို ကော်မတီအသီးသီး ဖွဲ့စည်း ဆောင်ရွက်ခြင်းသည် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုစနစ်ထဲတွင် ပါဝင်ပါကြောင်း၊ ဥပဒေပြုရေး ကဏ္ဍတွင် လွှတ်တော်နှစ်ရပ် အပြန်အလှန် ထိန်းကျောင်းမှု ရှိသည့်အတွက် သဘောကွဲလွဲမှုများရှိသော်လည်း အကောင်းဆုံးအဖြေထွက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒာကျော်စွာ၊  အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊  ဝက်လက်မဲဆန္ဒနယ်မှ သူရဦးအေးမြင့်၊  ကယား ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်ဒင်၊ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် တို့က အကြံပြု ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း က လွှတ်တော် လုပ်ငန်းများအပါအဝင်  မည်သည့်အဖွဲ့အစည်း၏ လုပ်ငန်းမဆို လုပ်ငန်းအောင်မြင် တိုးတက်စေရေးအတွက်   လိုက်နာရမည့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ မှန်ကန် ပြည့်စုံအားကောင်းရန်နှင့် အချိန်မီဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အကောင်အထည် ဖော်ရမည့်ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန်နှင့် လုံ့လ ဝီရိယရှိရန်လည်း လိုအပ်ပါကြောင်း၊ ပထမအကြိမ်လွှတ်တော်များအနေဖြင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ မှန်ကန်ပြည့်စုံစေရန် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်အသစ်များမှ တိုးတက်ပြောင်းလဲ လာသော ခေတ်စနစ်နှင့်လျော်ညီသည့် ဥပဒေများကို ဆက်လက်ပြဋ္ဌာန်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ် လွှတ်တော်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာတွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြသော်လည်း လိုအပ်ချက်နှင့် အားနည်းချက်များရှိနိုင်ပါကြောင်း၊ လွှတ်တော် သက်တမ်းကာလအတွင်း အမှန်နှင့်အမှား သင်ခန်းစာများလည်း ရရှိနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ကြေညာသည်။

No comments:

Post a Comment