Friday, January 29, 2016

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာစားပွဲ အခမ်းအနား ကျင်းပခြင်း



နေပြည်တော် ဇန်နဝါရီ ၂၉
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၄၁)ရက်မြောက် အစည်းအဝေးပြီးနောက် မွန်းတည့်(၁၂)နာရီတွင် လွှတ်တော် အဆောက်အဦ ထမင်းစားခန်းမဆောင်ကြီး၌ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လယ်စာစားပွဲ အခမ်းအနား ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက် ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ၂၀၁၅ ခုနှစ် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများ၊ ပထမအကြိမ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်း အတွက် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့သည် တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို သုံးဆောင်ကြသည်။

No comments:

Post a Comment