Thursday, January 28, 2016

ပထမအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး




နေပြည်တော် ဇန်န၀ါရီ ၂၈

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၈ ရက် မြောက်နေ့ကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ကျင်းပရာ မေးခွန်း(၄)ခုမေးမြန်းဖြေကြားခြင်းကို ဆောင်ရွက်ကြသည်။


အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည်၏ လုပ်သက်ခွင့် ခံစားပိုင်ခွင့် တစ်လကို အမြဲတမ်းစုဆောင်းခံစားပိုင်ခွင့် ပြင်ဆင်သတ်မှတ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးခင်မောင်အေးက နိုင်ငံ့ ၀န်ထမ်းတစ်ဦး၏ လုပ်သက်ခွင့်ကို ခံစားခွင့်ပြုရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၈၇ နှင့်အညီ ပြက္ခဒိန်တစ်နှစ်အတွင်းတွင် ခံစားခွင့်ပြုပေးထားသည့်အပြင် နည်းဥပဒေ ၈၀၌ ပြက္ခဒိန်နှစ်အတွင်း ခွင့်စာရင်း၌ကျန်ရှိသော လုပ်သက်ခွင့်ရက်များ အတွက်ကိုလည်း ဆုကြေးအဖြစ် ပျှမ်းမျှလစာဖြင့်  ခံစားခွင့်ပြုရန် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းထားပါကြောင်း၊ သို့ရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်း စားဝန်ထမ်းများ၏ လစာကို (၄) ကြိမ်တိုင်တိုင် တိုးမြှင့်ပေးခဲ့ခြင်းနှင့် ဘဏ္ဍာရေး အခြေအနေအရ အဆိုပါနည်းဥပဒေ ၈၀ ကို ကျင့်သုံးရန် လတ်တလော ဆိုင်းငံ့ထားပါကြောင်း။

ထို့ပြင် ပြက္ခဒိန်နှစ်အစပိုင်းတွင် မလွဲမရှောင်သာသည့် လူမှုရေး၊ ကျန်းမာရေး စသောကိစ္စ ရပ်များအတွက် အမှန်တကယ်လိုအပ်၍ လုပ်သက်ခွင့်တောင်းခံပါက ၀န်ထမ်းစုဆောင်းထားသော လုပ်သက်ခွင့်ရက် လက်ကျန်နည်းနေပါက ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့် ကဲ့သို့ အခြားခံစား ခွင့်ရှိသည့် ခွင့်အမျိုးအစားများကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ သက် ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ စီမံခန့်ခွဲမှုနည်းလမ်းအရ ပြင်ဆင်သတ်မှတ် ခွင့်ပြုပေးနိုင်ပါ ကြောင်း၊ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းများ အနေဖြင့် လုပ်သက်ခွင့် နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင်ပြေစွာဖြင့် ကျင့်သုံးဆောင်ရွက် လျက်ရှိပါ ကြောင်း ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးတင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး အတွင်း လီဆူတိုင်းရင်းသား လူဦးရေစာရင်း ကောက်ယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တိုင်းရင်းသားလူမျိုး စာရင်း အကြမ်း ထွက်လာချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် အဆင့်ဆင့် အကြေအလည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ တိုင်းရင်းသားလူမျိုး အမည်များ သတ်မှတ်ပြီးမှသာလျှင် အတည်ပြုချက်ရယူ၍ ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ ထို့ ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း လီဆူတိုင်းရင်းသား လူဦးရေစာရင်းကို ထပ်မံကောက်ယူ ပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပထမအကြိမ် အမျိုးသား လွှတ်တော် သက်တမ်းကာလအတွင်း ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပထမအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း ကြေညာ သည်။


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။ 

No comments:

Post a Comment