Thursday, January 28, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇန်န၀ါရီ ၂၈

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၀ ရက် မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၂ ခု ဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ထမ်းဆောင်မှု သက်တမ်း ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာ သည့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပူးပေါင်း ကော်မတီအဖွဲ့ဝင် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော် နာယက က တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ အတည်ပြု၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန ပြင်ဆင် ဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ ယခုအချိန် ကာလသည် ပထမအကြိမ် လွှတ်တော် သက်တမ်းပြီးဆုံးရန် ရက်အနည်းငယ်သာ ကျန်ရှိပြီး ကူးပြောင်းရေးကာလ ဖြစ်နေသည့် အတွက် ဆောင်ရွက်ရန် အချိန်အခက်အခဲရှိခြင်းနှင့် နောင်ပေါ်ပေါက်လာမည့် ပြည်ထောင်စု အစိုးရ အဖွဲ့သစ်အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှု အာဏာကို လွှဲပြောင်း လက်ခံရယူပြီးသည့် အချိန်ကာလမှသာ အစိုးရအဖွဲ့သစ်၏ သဘောထားနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များအတိုင်း အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးကြပြီး ပြည်ထောင်စုလွှတ်တော် နာယက က တစ်ပိုဒ်ချင်းစီအလိုက် အဆုံးအဖြတ်ရယူအတည်ပြု၍ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ပထမ အကြိမ် ပြည်ထောင်စုလွှတ်တော်ကာလအတွင်း လွှတ်တော်ဆိုင်ရာ ဆောင်ရွက်ချက် အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၄၁ ရက် မြောက်နေ့ကို ဇန်န၀ါရီ ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။ 

No comments:

Post a Comment