Thursday, January 28, 2016

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီး




နေပြည်တော် ဇန်န၀ါရီ ၂၈

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ(၁)နာရီတွင် ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဆက်အမှာစကားများ ပြောကြားကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက မိမိတို့ဘ၀တွင် တန်ဖိုးထားဂုဏ်ယူစရာ ပြည်သူ့တာဝန်များကို ထမ်းဆောင်ခွင့်ရခဲ့သည့် (၅)နှစ်တာ သက်တမ်းကာလတွင် အတွေ့အကြုံ၊ ဗဟုသုတ၊ အသိအမြင်များနှင့် မိတ်ဆွေ ညီအစ်ကိုမောင်နှမများလည်း တိုးလာခဲ့ပါကြောင်း၊  ရရှိခဲ့သည့်အတွေ့အကြုံ၊ ဗဟု သုတများကို အရင်းခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တတ်နိုင်သည့်ဘက်မှ ဆက်လက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ နောင်ပေါ်ပေါက်လာမည့် လွှတ်တော်ကြီးကလည်း လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် တရားမျှတခြင်းတို့ကို ဖော်ဆောင်ရင်း နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်အောင်မြင်နိုင်ကြပါစေ ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်(စဒက)၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ " ၀" ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တပ်မတော်သားကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဆက်စကား အသီးသီးပြောကြားကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက နှုတ်ဆက်အမှာစကား ပြောကြားရာတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းပေါ်ပေါက် လာခဲ့သည့် လွှတ်တော်များအတွင်းတွင် တန်ဖိုးကြီးလှသောကိစ္စရပ်များ ဆောင်ရွက်ခွင့် ရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် တစ်နည်းဆိုရလျှင် အမျိုးသား အကျိုးစီးပွားအတွက် ပါတီစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ်ရာဘာသာ အယူဝါဒအစွဲ မထားရှိဘဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်သော မေးခွန်းများ၊ အဆိုများနှင့် ဥပဒေများကို ဆွေးနွေးညှိနှိုင်း ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ထို့အတူ လွှတ်တော်နိုင်ငံရေး အတွေ့အကြုံ၊ တိုင်းရင်းသားရေးရာ အတွေ့အကြုံ အပါအ၀င် စည်းလုံးညီညွတ် ရေးအတွက် ကျယ်ပြန့်လှသော ကိစ္စအကြောင်းအရာများကို (၅)နှစ်လုံးလုံး အမြင်ချင်း၊ အတွေ့အကြုံချင်း ဖလှယ်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီး ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။ 

No comments:

Post a Comment